ကရင်ပြည်နယ်၊ မြဝတီမြို့ရဲ့တောင်ဘက် ၈ မိုင်ခန့် အကွာမှာရှိတဲ့ ဖလူးတပ်စခန်းကို ဒီနေ့ မတ်လ ၁၁ ရက် ညနေပိုင်းမှာ KNU နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူလိုက်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။
အဲဒီစခန်းကို ဒီနေ့ညနေပိုင်း ၄ နာရီအချိန်မှာ KNU တပ်မဟာ ၆ နဲ့ ပူးပေါင်းတပ်တွေစတင်တိုက်ခိုက်ပြီး မိနစ်ပိုင်းအတွင်းသိမ်းယူနိုင်တာလို့ စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။
စခန်းသိမ်းခံရချိန် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းဘက်ခြမ်းကို ထွက်ပြေးသွားတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။
ဖလူးတိုက်ပွဲနဲ့ပတ်သက်ပြီး အသေးစိတ်သိရဖို့ KNU နဲ့ ပူးပေါင်းတွေ ရဲ့ပြောရေးဆိုခွင့်ရှိသူတွေထံ ဆက်သွယ်မေးမြန်းနေဆဲဖြစ်ပါတယ်။
ထိုင်းဘက်မှာတော့ မြန်မာဘက် မြဝတီမြို့နယ်အတွင်း တိုက်ပွဲတွေဖြစ်ပွားနေချိန် နယ်စပ်တလျောက်မှာ ထိုင်းစစ်တပ်က လုံခြုံရေးအင်အား တိုးမြှင့်ချထားပါတယ်။