ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က စစ်တပ်စခန်း ၃ ခုကို မေလ ၂၃ ရက်ကစပြီး တစ်ပြိုင်တည်း တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ရင်းမှူး တစ်ဦး အပါအဝင် ၉ ဦး သေဆုံးပြီး အများအပြား ထိခိုက်ဒဏ်ရာ ရသွားတယ်လို့ Federal Wings Drone တပ်ဖွဲ့က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
မြဝတီမြို့တောင်ဘက်က စစ်ကောင်စီရဲ့ ဝေါ်လေဗျူဟာကုန်း၊ မော်ခီးစခန်းနဲ့ ကနဲလေးစခန်းတို့ကို KNU/KNLA (၂၀၁) တပ်ရင်း၊ KNDO တပ်ရင်း (၈) နဲ့ Federal Wings Drone ပူးပေါင်းအဖွဲ့က မေလ ၂၃ ရက်နေ့က စပြီး တစ်ပြိုင်တည်း တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကနဲလေးစခန်းက တပ်ရင်းမှူး တစ်ဦး အပါအဝင် ၉ ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ် ရဲဘော်တစ်ဦး ဒဏ်ရာရရှိကြောင်း စစ်မြေပြင် အတည်ပြုချက်ကို ကိုးကားပြီး Federal Wings Drone တပ်ဖွဲ့က ပြောပါတယ်။
ဝေါ်လေဗျူဟာကုန်းနဲ့ မော်ခီးစခန်း တွေမှာလည်း ထိခိုက်မှုတွေ ရှိပေမဲ့ အတည်ပြုနိုင်တာ မရှိသေးဘူးလို့ ဆိုပါတယ်။
တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်က ပနွယ်ဖိုးကလိုးရွာကို ဗုံးကြဲ တိုက်ခိုက်ရာ ခရစ်ယာန် ဘုရားရှိခိုးကျောင်း ထိမှန်ပျက်စီးခဲ့ပြီး အနီးအနားရှိ ကျေးရွာတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။