မြိတ်မြို့၊ မြိတ်တောင်ကျေးရွာအုပ်စု၊ အင်းလေးကမ်းရပ်ကွက်က ကြက်ဝိုင်းကို စစ် ကောင်စီတပ်က ဝင်ဖမ်းခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ကြက်ဝိုင်းကို အခုလ ၁၂ ရက်နေ့ ည ၇ နာရီလောက်က ဝင်ဖမ်းခဲ့တာဖြစ်ပြီး ဝင်ဖမ်းချိန်မှာ ထွက်ပြေးကြတဲ့အတွက် လေးဦးပဲ အဖမ်းခံခဲ့ရတယ်လို့ မြို့ခံတွေက ပြောပါတယ်။ အဲ့ဒီ လေးဦးဟာ တိုးချဲ့ရပ်ကွက်က အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသားတွေဖြစ်တယ်လို့ သိရပါတယ်။
“မြိတ်မှာ သိရသလောက် ကြက်ဝိုင်းက အမြဲပုံမှန်တော့မရှိဘူး၊ ချိန်းပွဲတွေပဲရှိတယ်။ အခုကလည်း လမ်းကြုံလို့ဖမ်းတဲ့ ပုံစံမျိုးဖြစ်နေတယ်။” လို့ အဖမ်းခံရသူတစ်ဦးရဲ့ မိတ်ဆွေဖြစ်သူက ပြောပါတယ်။
ဖမ်းဆီးခံခဲ့ရတဲ့ မြို့ခံလေးဦးကို ကြက်ဝိုင်းလုပ်တဲ့နေရာကနေ ဆိုင်ကယ်နဲ့သွားရင် ၁၀ မိနစ်လောက်ပဲ ဝေးတဲ့ ကုန်းဖောက်ရပ်ကွက် ရှိ အမှတ်(၄)နယ်မြေရဲစခန်းကို ဖမ်းခေါ်သွားတာလို့ မြို့ခံတချို့က ခန့်မှန်းပြောကြပါတယ်။
ဖမ်းခေါ်သွားသူတွေဟာ နောက်တနေ့ မနက်မှာပဲ ပြန်လွတ်လာခဲ့ပြီး တစ်ဦးကို ကျပ်နှစ်သိန်းစီပေးခဲ့ရတယ်လို့ ဖမ်းဆီးခံရသူရဲ့ မိတ်ဆွေဆီကနေ သိရပါတယ်။
မြိတ်မြို့မှာ ကြက်တိုက်လောင်းကစားဝိုင်းတွေကို မြိတ်တောင်ကျေးရွာအုပ်စု၊ ကလွင်ကျေးရွာအုပ်စု၊ အင်္ဂမော်ကျေးရွာအုပ်စုတွေမှာ ပြုလုပ်လေ့ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။