မြိတ်မြို့က ကျောက်ဖြူတောင်ရဲဘက်အကျဉ်းစခန်းမှာ ကျောက်မိုင်းခွဲချိန် ပေါက်ကွဲမှုကြောင့် အကျဉ်းသားတချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ရဲဘက်စခန်းနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ကျောက်မိုင်းပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရတာတွေက ဒီကနေ့မနက်ပိုင်း ၉ နာရီဝန်းကျင်မှာ ဖြစ်ပွါးခဲ့တာပါ။ ကျောက်မိုင်းခွဲလုပ်ငန်းစဉ်ကို အဝေးကနေ ဝိုင်ယာရှော့တိုက်ကာ လုပ်ဆောင်စဉ် ပေါက်ကွဲမှုကနေ လွင့်စင်လာတဲ့ ကျောက်တုံးတွေကြောင့် ထိခိုက်ခဲ့ရခြင်းဖြစ်တယ်လို့ သိရပါတယ်။
ထိခိုက်ဒဏ်ရာရသူတွေထဲကမှ အကျဉ်းသားတစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့လို့ မြိတ်မြို့ ပြည်သူ့ဆေးရုံကြီး ခေါ်ဆောင်သွားတယ်လို့ သိရပြီး ကျန်တဲ့ထိခိုက်ဒဏ်ရာရအကျဉ်းသားတွေကိုတော့ ရဲဘက်စခန်းမှာပဲ ကုသမှုခံယူစေခဲ့တယ်လို့ ရဲဘက်စခန်းနဲ့ နီးစပ်သူ တစ်ဦးက ပြောပါတယ်။
” ဆေးရုံတင်သွားရတဲ့တစ်ယောက်က အခြေအနေမကောင်းဘူး။ ဒဏ်ရာများတယ်။မိသားစုတွေကိုတော့ ဆက်သွယ်ထားတယ်။ထပ်တိုးလူနာတွေလည်းရှိနိုင်တယ်” လို့ သူကဆက်ပြောပါတယ်။
ကျောက်မိုင်းခွဲလုပ်ငန်းတွေရှိတဲ့ ကျောက်ဖြူတောင် ရဲဘက်အကျဉ်းစခန်းဟာ မြိတ်မြို့နယ်ထဲက စန္ဒဝတ်ကျေးရွာအုပ်စု၊ ကျောက်ဖြူတောင်ကျေးရွာမှာရှိပြီး အလုပ်ကြမ်းနဲ့ ထောင်ဒဏ်ကျနေတဲ့ အကျဉ်းသားတွေကိုထားရှိပါတယ်။
အဆိုပါ ကျောက်ဖြူတောင်ရဲစခန်းမှာ တနင်္သာရီမြို့နယ်၊ ထုံခါ၊ ဆင်ဖြူရှင် (၄) ရဲဘက်အကျဉ်းစခန်းက အကျဉ်းသားတွေ့ကိုလည်း ပြီးခဲ့တဲ့ လကုန်ပိုင်းက ပြောင်းရွေ့ထားတာ တွေ့ရပါတယ်။