မြိတ်ခရိုင် တပ်ရင်း(၃)သို့ လက်နက်နှင့်အတူ ပြည်သူ့ဘက်ရပ်တည် အလင်းဝင်လာသည့် တပ်ကြပ်ကြီးတစ်ဦးကို ကျပ် ၄၄သိန်း ဂုဏ်ပြုချီးမြှင့်ခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ယနေ့ထုတ်ပြန်သည်။
တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်တွင် အခြေစိုက်သည့် ကမ်းရိုးတန်းတိုင်းဒေသစစ်ဌာနချုပ်(ကရခ) လက်အောက်ခံ ခလရ(၁၀၃)မှ တပ်ကြပ်ကြီးသည် ဇူလိုင် ၂၆ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မြိတ်ခရိုင် တပ်ရင်း အမှတ်(၃) သို့ လက်နက်နှင့်အတူ အလင်းဝင်လာခြင်းဖြစ်သည်ဟု ဖော်ပြသည်။
အဆိုပါ တပ်ကြပ်ကြီးသည် MA(3) သေနတ် (၁) လက်၊ ကျည်ဘောက် (၂)ခု၊ ကျည် (၃၁၇) တောင့် ယူဆောင်ကာ ပြည်သူ့ဘက်သို့ ရပ်တည် ပူးပေါင်းလာခြင်း ဖြစ်သည်ဟု ဆိုသည်။
ပြည်သူ့ဘက်သို့ ရပ်တည်ကူးပြောင်းလိုခြင်း(သို့) တပ်တွင်းသတင်းပေး ဖရဲသီးအဖြစ် ရပ်တည်လိုသော တပ်မတော်သားများအနေဖြင့် နီးစပ်ရာ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ တပ်ရင်းများ/စစ်ကြောင်းများနှင့်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)များကို ဆက်သွယ်၍ သော်လည်းကောင်း၊ ပြည်သူ့ရင်ခွင် ခိုလှုံရေး Telegram Channel @MyanmarPeople သို့ ဆက်သွယ်၍ သော်လည်းကောင်း ချိတ်ဆက်ဆောင်ရွက်နိုင်ကြောင်း အသိပေးထားသည်။
အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူ့ဘက်သို့ ရပ်တည်ပူးပေါင်းလာမှုများကို လက်ကမ်းကြိုဆိုနေမည် ဖြစ်ကြောင်း အသိပေးထုတ်ပြန်သည်။