မြိတ်မြို့နယ်၊ တဂံတောင်ပုကျေးရွာနှင့် ဝိုင်းတောင်ကျေးရွာကြားတွင် စစ်ကောင်စီတပ် ခြေလျင်စစ်ကြောင်းအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(လုံခြုံရေး)က အသိပေးထုတ်ပြန်သည်။
ယမန်နေ့(ဇန်နဝါရီ ၁၂)မွန်းလွဲ ၁ နာရီခန့်က မြိတ်နယ်၊ တဂံတောင်ပုကျေးရွာနှင့် ဝိုင်းတောင်ကျေးရွာကြားသို့ အင်အား ၁၀၀ ကျော်ဖြင့် ခြေလျင်စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ကျွန်းစုမြို့နယ်(ပကဖ)၊ တောပုံးကြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ (တနင်္သာရီ-ပကဖ)၊ ပုလောမြို့နယ်(ပကဖ)နှင့် တနင်္သာရီတိုင်းလုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။
“စကစ တွေရမ်းပစ်နေလို့။ မိုင်းတစ်လုံးခွဲတယ်။ ကျေးရွာတွေကို ရမ်းပစ်လို့ လူနေအိမ်တွေ ထိခိုက်တာတောင်ရှိတယ်”ဟု စစ်ကောင်စီတပ်စစ်ကြောင်းအား တိုက်ခိုက်ခဲ့ပုံကို ကျွန်းစုမြို့နယ် (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ် ဘက်မှ ထိခိုက်ဒဏ်ရာရသူများရှိသော်လည်း သေဆုံးမှုရှိ၊မရှိကို ဆက်လက်စုံစမ်းအတည်ပြုနေဆဲဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
လတ်တလောတွင် တနင်္သာရီမြို့နယ်နှင့် မြိတ် မြို့နယ်လမ်းပိုင်းများ၌ ဖြစ်ပေါ်နေသော စစ်ရေးအခြေအနေများအရ ဒေသခံမိဘပြည်သူများ၊ ခရီးသွားပြည်သူများအနေဖြင့် ကာကွယ်ရေးအဖွဲ့များမှ ထုတ်ပြန်ထားသောသတိပေးချက်များကို လိုက်နာပေးကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။
အထက်ပါ တော်လှန်ရေးပူးပေါင်းစစ်ကြောင်းသည် ဇန်နဝါရီ ၁၀ရက်ကလည်း အင်အား ၇၀ခန့်ဖြင့် မြိတ်ဘက်မှ တနင်္သာရီမြို့နယ်ဘက်သို့ထွက်လာသော စစ်ကောင်စီတပ်ကို လမ်းမှစောင့်ကြို၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။