တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်၊ တဂံကျေးရွာရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့နှင့်အတူ ဝင်ရောက်စီးနင်းခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
တဂံကျေးရွာရှိ ငွေကြေးကောက်ခံလျှက်ရှိသော အဆိုပါစစ်ကောင်စီစစ်ဆေးရေဂိတ်ကို ကျွန်းစု(ပကဖ)၊ တောပုံးကြီးပြည်သူ့ကာ ကွယ်ရေးအဖွဲ့(တနင်္သာရီ-ပကဖ)၊ အရိပ်ပြောက်ကျားအဖွဲ့(ပုလော-ပကဖ)၊ တနင်္သာရီတိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ယမန်နေ့(ဒီဇင်ဘာ ၂၈)ည ၁၂နာရီတွင် ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဝင်ရောက်စီနင်းရာတွင် စစ်ကောင်စီအဖွဲ့ဝင် တစ်ဦး ထွက်ပြေးလွတ်မြှောက်သွားပြီး လေးဦး အရှင်ဖမ်းမိခဲ့ကြောင်း ကျွန်းစု(ပကဖ)မှ တာဝန်ရှိသူက ပြောသည်။
“အားလုံး အရပ်သားတွေပဲဗျ။ ဂိတ်ကြေးကောက်ဖို့ ငှားထားတာ”ဟု ၎င်းက ရှင်းပြသည်။
ထို့ကြောင့် ဖမ်းဆီးရမိသော တိုးဂိတ်စောင့် အရပ်သားလေးဦးအား လိုအပ်သော စစ်ဆေးမှုများပြုလုပ်ကာ ၎င်းတို့ပိုင်ဆိုင်သော ပစ္စည်းများနှင့်အတူ ပြန်လည်လွတ်ပေးခဲ့ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။
ဝင်ရောက်စီးနင်းခဲ့သော စစ်ကောင်စီ၏ တာဂံရွာ စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးပူး ပေါင်းတပ်များက မီးရှို့ဖျက်ဆီးပြီး အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း အသိပေးထားသည်။