မြိတ်ထောင်က အကျဉ်းသားတွေကို ကော့သောင်းနဲ့ မော်လမြိုင်မှာ ရှိတဲ့ထောင်တွေဆီကို ပြောင်းရွှေပေးဖို့ ရှိနေတယ်လို့ အကျဉ်းသားမိသားစုဝင် အချို့က ပြောပါတယ်။
ဒီကနေ့မနက်ပိုင်းမှာ မြိတ်အကျဉ်းထောင် ဝန်ထမ်းတွေကနေ အကျဉ်းသားမိသားစုဝင်တွေဆီကို ဖုန်းဆက်ပြီး အကျဉ်းသားတွေ ရွှေ့ပြောင်းဖို့ရှိကြောင်း အကြောင်းကြားခဲ့တာလို့ ဖုန်းလက်ခံရရှိတဲ့ မိသားစုဝင်တစ်ဦးက ပြောပြပါတယ်။
“သူတို့ဖုန်းဆက်ပြောတာက ထောင်ထဲမှာလူအရမ်းများနေလို့ ထောင်မဆန့်တော့လို့ ရွှေ့ရမှာဆိုပြီးတော့ပြောတယ်” လို့ အမည်မဖော်လိုတဲ့ အကျဉ်းသားမိသားစုဝင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အဲ့ဒီလိုရွှေ့ပြောင်းမဲ့ အကျဉ်းသားဦးရေဟာ အယောက် ၃၀၀ ရှိပြီး ရေကြောင်းကနေ ပို့ဆောင်သွားမှာ ဖြစ်တယ်လို့ ဖုန်းဆက်အသိပေးကြောင်းကိုလည်း အဆိုပါအမျိုးသမီးက ဆက်ပြောပြ ပါတယ်။
အကျဉ်းသားတွေကို မပြောင်းရွှေ့ခင်မှာ မိသားစုဝင်တွေက တွေ့ခွင့်ရဖို့မျှော်လင့်နေပေမဲ့ သီးသန့်ဧည့်တွေ့ခွင့် မပေးထားဘူးလို့လည်း အကျဉ်းသားမိသားစုဝင်တွေဆီက သိရပါတယ်။
အကျဉ်းသားမိသားစုဝင် အမျိုးသားတစ်ဦးကတော့ “အကြောင်းကြားတုန်းကတော့ ဒီနေ့ရွှေ့တော့မှာလိုလိုပဲ ပြောတယ်။ တွေ့ချင် ထောင်ရှေ့မှာ လာစောင့်ဆိုလို့ လာစောင့်နေတာ၊ ဖုန်းရပြီး ကတည်းကပဲ” လို့ ပြောပါတယ်။
လက်ရှိမှာ မြိတ်အကျဉ်းထောင်ရှေ့၊ ကားလမ်းတလျှောက်မှာ အကျဉ်းသားတွေရဲ့ မိသားစုဝင်တွေ လာရောက်စောင့်ဆိုင်းနေကြပြီးထောင်ဘက်ကလည်း လုံခြုံရေးနဲ့ အစောင့်အကြပ်တင်းကြပ်စွာ ချထားဆဲဖြစ် တယ်လို့ အနီးဝန်းကျင်မှာ ရှိနေတဲ့ မြိတ်မြို့ခံ အမျိုးသားတစ်ဦးက ရှင်းပြပါတယ်။
မြိတ်ထောင်ရှေ့ကားလမ်းမှာ ယာဉ်ထိန်းရဲ သုံးဦးနဲ့ ထောင်ကိုဝင်တဲ့လမ်းတလျှောက်မှာ ရဲရှစ်ဦးလောက်က လုံခြုံရေးယူထားတယ်လို့လည်း သိရပါတယ်။
မြိတ်ထောင်အဝင်လမ်းထိပ်မှာတော့ သံဆူးကြိုးဘယ်ရီဂိတ်တွေချထားပြီး အကျဉ်းသားမိသားစုဝင်တွေကတော့ ဘယ်ရီဂိတ်ရဲ့ အပြင်ဘက်ကနေသာ တန်းစီစောင့်ဆိုင်းနေကြတယ်လို့ မြို့ခံအမျိုးသားက ပြောပြပါတယ်။
အကျဉ်းသားရွှေ့ပြောင်းမဲ့ကိစ္စနဲ့ ပတ်သက်လို့ မြိတ်အကျဉ်းထောင်ကို တနင်္သာရီတိုင်းမ်ကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ ပြန်မဖြေခဲ့ပါဘူး။