မြိတ်မြို့နယ်၊ တုံးဗျောကြီးရွာက ရွာသား ၃၀ ကျော်ကို စစ်ကောင်စီတပ်က တစ်ရက်အကြာ ဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးခံရသူတွေထဲမှာ အသက်တစ်နှစ်အောက်အရွယ် ကလေး ၃ ဦး၊ အသက်ငါးနှစ်ဝန်းကျင်အရွယ်ကလေးငယ် ၂ ဦးနဲ့ သက်ကြီးရွယ်အိုအဖိုးအဖွားတွေလည်း ပါဝင်တယ်လို့ ပြန်လွတ်မြောက်လာသူနဲ့ ဒေသခံတွေကပြောပါတယ်။
တုံးဗျောကြီးရွာက စစ်ကောင်စီစခန်း အခုလ ၂၀ ရက်နေ့က တိုက်ခိုက်ခံရပြီးနောက် ရွာကိုရောက်လာတဲ့ စစ်ကောင်စီတပ်သား အင်အား ၅၀ လောက်ဟာ မနေ့ကမနက်စောစောပိုင်းမှာ ရွာထဲလမ်းဆုံအနီးက ရွာသားအများအပြားကိုဖမ်းဆီးခဲ့ပါတယ်။
ဖမ်းဆီးပြီးနောက် ခရစ်ယာန်ဘုရားရှိခိုးကျောင်းထဲမှာ ပိတ်ထားပြီး လှုပ်တဲ့သူကိုလည်း ပစ်မယ်လို့လည်း ခြိမ်းခြောက်ထားတယ်လို့ ပြန်လွတ်လာသူကပြောပါတယ်။
“ကလေးတွေဆို ဗိုက်ဆာလို့ငိုနေရတယ်။ ဘာမှမကျွေးဘူး။ ရေပဲသောက်ရတယ်” လို့ပြန်လည်လွတ်မြောက်လာသူတဦးကပြောပါတယ်။
သူတို့အားလုံးကို တစ်ရက်အကြာပိတ်လှောင်ဖမ်းဆီးထားပြီး ဒီနေ့မနက် ၈ နာရီဝန်းကျင်လောက်ကမှ ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။
“လူတွေကိုဖမ်းပြီး လမ်းတခုလုံးကိုကိုပိတ်ထားလိုက်တာ။ သူတို့ကိုတောင်းပန်ပြီး စားစရာသွားပို့တာတောင် အဲဒီလူကိုပါဖမ်းတယ်” လို့ဒေသခံအမျိုးသမီးတစ်ဦးကပြောပါတယ်။
ရွာသားတွေကိုဖမ်းဆီးထားချိန် တုံးဗျောကြီးရွာထဲကနေအိမ် ၆ ဆောင်ထက်မနည်းကိုလည်း မွှေနှောက်ပြီး ထမိန်၊ ပုဆိုးတွေ အပြင် စားသောက်ကုန်တွေ၊ တန်ဖိုးကြီးပစ္စည်းတွေ ကိုယူဆောင်သွားတယ်လို့ ဆိုပါတယ်။
ဒီနေ့နေ့လယ်ပိုင်းမှာလည်း စစ်ကောင်စီတပ်သားတွေ တုံးဗျောကြီးရွာထဲမှာ ရှိနေပြီးလမ်းသွားလမ်းလာတချို့ကို ဖမ်းဆီးတာနဲ့ စစ်ဆေးတာတွေဆက်လက်လုပ်ဆောင်နေတယ်လို့ ဒေသခံကပြောပါတယ်။
တုန်းဗျောရွာအုပ်စုဟာ မြိတ်-တနင်္သာရီ လမ်းပေါ်မှာရှိပြီး ၂၀၁၄ သန်းခေါင်စာရင်းအရ အိမ်ထောင်စု တစ်ထောင်ကျော်ရှိတဲ့ ကျေးရွာတစ်ခုဖြစ်ပါတယ်။
ရွာမှာ စစ်ကောင်စီတပ်သားတွေရောက်နေလို့ ရွာသားအများစု နီးစပ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံရဲ့ပြောပြချက်အရ သိရပါတယ်။
အလားတူ မြိတ်-တနင်္သာရီကားလမ်းပေါ်မှာလည်း ယာဥ်အသွားအလာနည်းပါးနေပြီး တချို့အဝေးပြေးယာဥ်နဲ့ ကုန်တင်ယာဥ်တွေ လှည့်ပြန်နေတာလည်းရှိတယ်လို့ ဒေသခံကဆိုပါတယ်။