အဆိုတော် မေလှမြိုင် သီဆိုထားတယ်ဆိုတဲ့ မောင်လေး သီချင်းစာသားတွေကို ရေးထားတဲ့ လက်ကမ်းစာစောင်တွေကို မြိတ်မြို့မှာ မနေ့က လိုက်ဝေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။
မြိတ်မြို့က လူစည်ကားရာနေရာတွေ ဖြစ်တဲ့ စျေး၊ လှေဆိပ်၊ ဆိုင်ကယ်ကယ်ရီဂိတ်တွေမှာ ရာအိမ်မှူး၊ အုပ်ချုပ်ရေးမှူး၊ စည်ပင်၊ ယာဥ်ထိန်း၊ ထွေအုပ်၊ လဝက နဲ့ ရဲ တွေက လိုက်ဝေနေတယ်လို့ သိရပါတယ်။
အဲဒီလက်ကမ်းစာစောင်မှာ တောထဲက လူငယ်တွေကို အိမ်ပြန်ဖို့ စာသားတွေပါတဲ့ မောင်လေးဆိုတဲ့ သီချင်းစာသားတွေကို ထည့်ရေးထားတာအပြင် လက်နက်နဲ့အတူ ဥပဒေ ဘောင်ထဲကို ပြန်လာမယ့်သူတွေကိုလည်း ဆုကြေးငွေပေးအပ်မယ်ဆိုတဲ့ အကြောင်းတွေ ထည့်ရေးထားပါတယ်။
ဒါ့အပြင် NUG ၊ CRPH တို့က ပြည်သူတွေကို အကြောက်တရားနဲ့ ဝါဒမှိုင်းတိုက်ပြီး စည်းရုံးကာ အကြမ်းဖက် တိုက်ခိုက်သတ်ဖြတ်မှုတွေကို လုပ်ဆောင်ခိုင်းနေတယ်ဆိုတာတွေလည်း ထည့်ရေးထားပါတယ်။
အဲဒီလိုမျိုး လက်ကမ်းစာစောင်တွေကို တောထဲမှာ ရောက်နေတဲ့ PDF တွေဆီကို ဖြန့်ဝေရမယ့်အစား မြို့ပေါ်နေရာတွေမှာ လိုက်ဝေနေတာက မြို့ပေါ်မှာနေတဲ့ သူတွေကို အနုနည်းနဲ့ ဝါဒဖြန့် စည်းရုံး သိမ်းသွင်းနေတဲ့ သဘောဖြစ်တယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
“သူတို့ ကောက်ကျစ်ယုတ်မာတာတွေကိုကို ဖုံးကွယ်ပြီး တော်လှန်ရေးအင်အားစုတွေကို အပုပ်ချနေတာ။ ကျနော်တို့ မြို့ပေါ်ကလူတွေက သူတို့ထင်သလို ငတုံးငအတွေမှ မဟုတ်တာ” လို့ မြိတ်မြို့ခံက ဆိုပါတယ်။
အဲဒီလက်ကမ်းစာစောင်တွေကို ပြီးခဲ့တဲ့အပတ်ကလည်း ကော့သောင်းမြို့မှာ လိုက်ဝေခဲ့ပါသေးတယ်။
လက်ကမ်းစာစောင်မှာ ဆို-မေလှမြိုင် လို့ ရေးသားထားပေမယ့် အဲဒီသီချင်းဟာ မေလှမြိုင် အမှန်တကယ် ဆိုထားတဲ့ သီချင်းဟုတ်မဟုတ် သီးခြား အတည်မပြုနိုင်ပါဘူး။ သီချင်းရေးသားသူနေရာမှာတော့ Crd လို့ပဲ ထည့်ရေးထားပါတယ်။
စစ်ကောင်စီတပ်ဘက်က အခုလိုမျိုး PDF တွေကို ဖိတ်ခေါ်တဲ့ လက်ကမ်းစာစောင်တွေ ဆက်တိုက်ဖြန့်ဝေနေတာဟာ သူတို့ရဲ့ အားနည်းလာတဲ့အခြေအနေကို ဖော်ပြနေတာဖြစ်တယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။