မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးဘေး ကျေးရွာသုံးရွာမှ ဒေသခံပြည်သူများကို စစ်ကောင်စီတပ်က ရွာမှ နှင်ထုတ်လိုက်၍ ဒေသခံအားလုံး နေရပ်စွန့်ခွာထွက်ပြေးနေကြရကြောင်း ဒေသခံများကပြောသည်။
မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးဘေးရှိညောင်ပင်ကုန်း၊ဂျမ်းဖို၊ ဗန်းလမော့ရွာမှ ဒေသခံပြည်သူများကိုရွာမှထွက်ခွာသွားရန် စစ်ကောင်စီတပ်ကဇွန်လ ၁၂ရက်တွင် အကြောင်းကြားခြင်းဟု ဒေသခံများကပြောသည်။
“ရွာကိုဝင်စီးတယ်။ထွက်သွားဖို့ပြောတယ်။မဖြစ်သာလို့ထွက်ခဲ့ရတယ်။ တော်တော်လေး ခက်ခဲတဲ့အခြေအနေပါ”ဟု ညောင်ပင်ကုန်းရွာဒေသခံတစ်ဦးကပြောသည်။
မြိတ်-ကော့သောင်းပြည်ထောင်စုလမ်းမကြီးပေါ်တွင်စစ်ကောင်စီစစ်ကြောင်းများမကြာခဏတိုက်ခိုက်ခံနေရသောကြောင့် စစ်ကောင်စီတပ်က အရပ်သားများကို ပစ်မှတ်ထားနေခြင်းဖြစ်သည်ဟုတနင်္သာရီစစ်ဒေသခွဲကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံကပြောသည်။
စစ်ဆင်ရေးတာဝန်ခံက “သူတို့က ဒီလမ်းကို အရင်တုန်းက ပေါ့ပေါ့ပါးပါးဖြတ်ကြရတယ်။ အခုဆို အဲ့လို မလာရဲတော့ ရွာတွေက PDF သတင်းပေးတွေဆိုပြီး ဒေသခံတွေကို ပစ်မှတ်ထားနေတာ။ ဒေသခံတွေကို နှင်ထုတ်နေတာပါ” ဟု ပြောသည်။
စစ်ဘေးရှောင်များသည်နေရေး၊စားရေးအခက်အခဲနှင့် ကျန်းမာရေး ပြဿနာများ ကြုံတွေ့နေကြရပြီး ဆေးဝါးနှင့် မိုးအကာများ လိုအပ်နေသည်ဟု စစ်ဘေးရှောင်ကူညီရေးအဖွဲ့များကပြောသည်။
ယခုအခါ စစ်အာဏာရှင်အားခုခံတော်လှန်စစ်မှထိုးစစ်သို့အရှိန်မြှင့်နေပြီဖြစ်၍ ဒေသခံပြည်သူများသတိရှိကြရန်တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးတာဝန်ခံက သတိပေးသည်။
စစ်ရေးတင်းမာနေစဉ် ဇွန်လ ၁၂ရက်ညက တနင်္သာရီမြို့ ၊ သိန္ဓောကျေးရွာ အနီးတွင် စစ်ကောင်စီ စစ်ကြောင်း မိုင်းဆွဲ တိုက်ခိုက်ခံရရပြီး တစ်ဦးသေဆုံးပြီး ခြောက်ဦး ဒဏ်ရာရခဲ့ကြောင်းPDF အချို့ကပြောသည်။