မြိတ်-ကျွန်းစု အမြန်ယာဉ် ခရီးစဉ်တွေမှာ လိုက်ပါစီးနင်းတဲ့ခရီးသည်တွေကို စစ်ကောင်စီက တင်းတင်းကြပ်ကြပ်စစ်ဆေးတာတွေ အခုလမှာ ပိုလုပ်လာတယ်လို့ အစစ်ဆေးခံရတဲ့ခရီးသွားတွေက ပြောပါတယ်။
ကျွန်းစုဆိပ်ကမ်းကို မြိတ်-ကျွန်းစု အမြန်ယာဉ် ဆိုက်ရောက်ပြီးနောက် ယာဉ်ပေါ်ကဆင်းလာတဲ့ ခရီးသည်တွေကို တစ်ဦးချင်း မှတ်ပုံတင် စစ်ဆေးတာအပြင် အလုပ်အကိုင်နဲ့ သွားမယ်နေရပ်ကို စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်တယ်လို့ ကျွန်းစုကိုခရီးသွားခဲ့တဲ့ မြိတ်မြို့ခံတစ်ဦးက ပြောပြပါတယ်။
စစ်ဆေးမေးမြန်းတဲ့အခါမှာ ပုံမှန်သွားနေကြဝန်ထမ်းတွေဆို မှတ်ပုံတင်လောက်သာ စစ်ဆေးလေ့ရှိပြီး အထောက်အထားမပြနိုင်တဲ့သူဆိုရင် ဖမ်းတာတွေ အထိရှိတယ်လို့ ဆိုပါတယ်။
” မှတ်ပုံတင်မပါတာတို့ ၊ မေးတာမဖြေနိုင်တာတို့ဆို လက်နောက်ပစ် ဒူးထောက်ပြီးဖမ်းထားတာမျိုးတွေတောင်ရှိတယ်” လို့ သူကပြောပါတယ်။
ကျွန်းစု-မြိတ်ခရီးစဥ်ကို လိုက်ပါစီးနင်းသူတွေလည်း မြိတ်မြို့ဆိပ်ငယ်တံတားမှာ အလားတူပဲ စစ်ဆေးခံနေရတာမျိုးရှိတယ်လို့ မြို့ခံတစ်ဦးဆီက ထပ်မံသိရပါတယ်။
” စစ်တာက မှတ်ပုံတင်စစ်တယ်။ စစ်တဲ့နေရာက ဆိပ်ငယ်တံတားက ရဲကင်းမှာ ခေါ်စစ်တာ။အကုန်အစစ်ခံရတယ်” လို့ သူကပြောပါတယ်။
မြိတ်-ကျွန်းစု အမြန်ယာဥ်ခရီးစဥ်တွေကို တစ်ရက်မှာ မနက်တစ်ကြိမ်၊ ညနေတစ်ကြိမ်နှုန်းနဲ့ တစ်ရက်ကို နှစ်ကြိမ်ပြေးဆွဲလျှက်ရှိတယ်လို့သိရပါတယ်။
ဒါ့အပြင် မြိတ်ကနေ ကျွန်းစုကို အမြန်ယာဥ်ခရီးစဥ်မထွက်ခွာခင်မှာ အမြန်ယာဥ်က တာဝန်ရှိသူတွေအနေနဲ့ အမြန်ယာဥ်ဘယ်အချိန်မှာထွက်လာမယ်၊ ခရီးသည်ဘယ်နှယောက်ပါ သလဲ၊ ဘယ်အချိန်မှာ အမြန်ယာဉ်စိုက်မလဲ စတာတွေကို ကျွန်းစုရေတပ်ကို ဖုန်းဆက်ပြီး ကြိုတင်အကြောင်းကြားရတာတွေရှိလာတယ်လို့လည်း အမြန်ယာဥ်လုပ်ငန်းစဥ်နဲ့ နီးစပ်သူတစ်ဦးဆီကသိရပါတယ်။
အခုလ ၁၃ ရက်နေ့က ကျွန်းစုမြို့နယ်၊ မင်းဂုတ်ရွာနဲ့ မောင်းလှော်ရွာတို့မှာ စစ်ကောင်စီတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာတွေရှိနေပြီး အခုရက်ပိုင်းတွေအထိ စစ်ရေးတင်းမာတာတွေရှိနေပါတယ်။