မြိတ်မြို့ဘက်ကလာတဲ့ စစ်ကောင်စီယာဉ်နှစ်စီးဟာ တနင်္သာရီမြို့နယ်ထဲက လမ်းမကြီးပေါ်မှာ မိုင်းဆွဲ တိုက်ခိုက်ခံရတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။
စစ်ကောင်စီကားနှစ်စီးဟာ ကမ်းတိုရွာအနီးကို ဒီနေ့မနက် ၉ နာရီခွဲဝန်းကျင်လောက် ရောက်လာတဲ့ အချိန်မှာ ပဒေသာမိုင်းနဲ့တိုက်ခိုက်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တွေက ပြောပါတယ်။
“သူတို့ဘက်က ထိခိုက်မှုရှိိတယ်ဗျ။ အခုလည်း သူတို့အကြီးအကျယ်ကို ပြန်ပစ်နေတယ်” လို့ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက ဒီကနေ့နေ့လည်ပိုင်းမှာ ပြောပါတယ်။
စစ်ကောင်စီတပ်သားတွေကတော့ မိုင်းဆွဲခံရပြီးနောက်မှာ ဘေးပတ်ဝန်းကျင်ကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ နေ့လည် ပိုင်း အချိန်အထိ ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပြန်လည်ပစ်ခတ်မှုတွေကြောင့် ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ထိခိုက်မှုမရှိခဲ့ဘူးလို့ တနင်္သာရီ (ပကဖ)က ထုတ်ပြန်ထားပါတယ်။
အခုတိုက်ခိုက်မှုကို တနင်္သာရီ (ပကဖ)၊ မြိတ်(ပကဖ)၊ အရိပ်ပြောက်ကျား ပုလော(ပကဖ) ၊ မြိတ်ခရိုင် PDF တပ်ခွဲ ၁ နဲ့ ၂ တို့ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
အခုလ ၂၆ ရက်နေ့ကလည်း စစ်ကောင်စီယာဉ်တန်းတစ်ခု ချောင်းညီကိုကျေးရွာအနီး၊ မြိတ်-တနင်္သာရီကားလမ်းပေါ် မှာ မိုင်းဆွဲပြီးပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
အဲဒီတိုက်ခိုက်မှုမှာတော့ စစ်ကောင်စီကားတစ်စီးပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၄ ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြိတ်ခရိုင် တပ်ရင်း ၂ က သတင်းထုတ်ပြန်ထားပါတယ်။
လာမယ့်ကာလတွေမှာ တနင်္သာရီမြို့နယ် အတွင်း တိုက်ပွဲအရှိန်မြင့်လာနိုင်တာကြောင့် ပြည်သူတွေ အနေနဲ့ စစ်ရေးသတိရှိရှိနဲ့ သွားလာကြဖို့နဲ့ တော်လှန်ရေးအင်အားစုတွေက လိုအပ်ချက်အရ ထုတ်ပြန်ထားတဲ့ စည်းကမ်းချက်တွေကို လိုက်နာကြဖို့လည်း မြိတ်ခရိုင်တပ်ရင်း ၂ က မေတ္တာရပ်ခံထားပါတယ်။