မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် ရိက္ခာလာပို့သော စစ်ကြောင်း၊ ဒဏ်ရာရ စစ်သားများ ထားရှိရာ နေရာနှင့် စစ်တပ် စွဲထားသော နေရာများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်ကောင်စီ တပ်သား ၂၀ ဦးသေဆုံးခဲ့ကြောင်း Special Air Raid Force မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
မြိုင်မြို့နယ်၊ ကန်နီပျူစောထီးရွာကို ရိက္ခာထောက်ပံ့ရန် ရေစကြိုမြို့နယ်ရှိ တပ်မ ၂၅၈ မှထွက်လာသော အင်အား ၁၇၀ ဝန်းကျင်ခန့်ရှိ အကြမ်းဖက် စစ်တပ် ပူးပေါင်းစစ်ကြောင်း ၃ ကြောင်းသည် ဖေဖော်ဝါရီလ ၅ ရက်နေ့တွင် ဘောင်ဘဲ့တန်းရွာမှ ထွက်လာကာ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် သံမြေကျင်းရွာ အရောက်၌ Special Air Raid Force၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့် အမိမြေပြောက်ကျားတပ်ဖွဲ့တို့က ဖေဖော်ဝါရီလ ၈ ရက်နေ့မှ ၁၅ ရက်နေ့ထိ ဒရုန်းဖြင့် ဗုံးသီး အလုံး ၁၀၀ ကျော် ကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၄ ဦးသေဆုံးပြီး ၁၀ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ပခုက္ကူခရိုင် တပ်ရင်းများ၊ မြိုင် ပ.က.ဖ၊ Special Air Raid Force၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့နှင့် အမိမြေပြောက်ကျားတပ်ဖွဲ့တို့က ထပ်မံ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၁၆ ဦးသေဆုံးပြီး ၃၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ လက်ရှိချိန်တွင် အဆိုပါ စစ်ကြောင်း ၃ ကြောင်းသည် ဖေဖော်ဝါရီလ ၁၅ ရက်နေ့၌ မြိုင်မြို့ပေါ်ကို ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိသည်။
အလားတူ ဖေဖော်ဝါရီလ ၁၇ ရက်နေ့နှင့် ၂၁ ရက်နေ့တွင် မြိုင်မြို့ပေါ်ရှိ ဒဏ်ရာရ စစ်ခွေးများ ထားရှိသည့် မြိုင်ဆေးရုံနှင့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ အထိုင်ချ တပ်စွဲထားရာ နေရာများကို Special Air Raid Force၊ လျှပ်စီးပြောက်ကျားတပ်ဖွဲ့၊ အမိမြေပြောက်ကျားတပ်ဖွဲ့နှင့် Myaing U.A.V Fighter အဖွဲ့တို့ ပူးပေါင်းပြီး ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု ရှိမရှိကို အတည်မပြုနိုင်သေးကြောင်း သိရသည်။