မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်ကလေးရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး ပြည်သူ ၁ ဦးကို ပစ်သတ်ကာ နေအိမ် ၁ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် အစောပိုင်းတွင် မြိုင်မြို့နယ်၊ ကိုင်းတောမစခန်းမှ ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်ကလေးရွာကို ပစ်ခတ် ဝင်ရောက် စီးနင်းကာ ကျေးရွာအနီး ဖမ်းဆီးခံရသည့် ဒေသနေ ပြည်သူ ၁ ဦးကို စစ်သားများက ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကန်ကလေးရွာမှ ပြည်သူပိုင် နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး ယင်းနေ့ နံနက် ၁၀ နာရီခန့်တွင် သရက်ကန်ရွာရှိ ပျူစောထီးစခန်းကို ဝင်ရောက် သွားကြောင်း သိရှိရသည်။
“ဒေသပြည်သူ ၁ ဦးကို စစ်ခွေးတွေက ဖမ်းဆီး ပစ်သတ်သွားတယ်။ သေဆုံးသူ အမည်နဲ့ ဘယ်ရွာသား ဆိုတာကိုတော့ စုံးစမ်းနေတယ်။ စစ်ခွေးတွေက ကန်ကလေးရွာက နေအိမ် ၁ လုံးကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်” ဟု We Love Myaing အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။