မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီပျူစောထီးကျေးရွာသို့ ရိက္ခာပို့လာသော အကြမ်းဖက်စစ်စစ်ကြောင်း နှင့် တိုက်ပွဲဖြစ်ပွားရာနေရာကို နယ်မြေရှင်းလင်းရာ သေဆုံးစစ်သား အလောင်း ၃ လောင်းတွေ့ရှိခဲ့ရကြောင်း မြိုင်ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ် အချိန် ကန်နီပျူစောထီးကျေးရွာ သို့ ရိက္ခာလာ ပို့သော စစ်တပ်စစ်ကြောင်းနှင့် တော်လှန်ရေးတပ်များအကြား တိုက်ပွဲ မိနစ် ၃၀ နီးပါးဖြစ်ပွားခဲ့ကြောင်း၊ စစ်သားများ သေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း ၊ ဖေဖော်ဝါရီလဆန်းပိုင်းကတည်းက မြိုင်မြို့မှတဆင့် ကန်နီပျူစောထီးကျေးရွာသို့ လက်နက်ခဲယမ်း ရိက္ခာပို့ရန် အကြမ်းဖက်စစ်တပ်ကြိုးစားလျက်ရှိရာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၏ အကြိမ် ကြိမ်တိုက်ခိုက်ခံရပြီး မြိုင်မြို့အတွင်းမှ ထွက်လိုက်ဝင်လိုက်ဖြစ်နေကြောင်း သိရသည်။
ထိုသို့ အကြိမ်ကြိမ်တိုက်ခိုက်ခံရမှုကြောင့် ကန်နီပျူစောထီးကျေးရွာသို့ ရိက္ခာပို့နိုင်ခြင်းမရှိသေးဘဲ အကြမ်းဖက်စစ်ကောင်စီတပ်သားများက မြိုင်မြို့အတွင်း ပြန်လည် ဆုတ်ခွာသွားခဲ့ကြောင်း၊ တိုက်ပွဲဖြစ် ပွားရာ နေရာကို နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်ခဲ့ရာ သေဆုံးစစ်သားအလောင်းများကို တွေ့ရှိသဖြင့် လူ့ကျင့်ဝတ်၊ စစ်ကျင့်ဝတ် များနှင့်အညီ ကောင်းမွန်စွာ သင်္ဂြိုလ်ပေးကာ အမျှအတန်းပေးဝေခဲ့ ကြောင်း မြိုင်ပကဖ ပြောဆို သည်။
အဆိုပါ ရိက္ခာပို့အကြမ်းဖက်စစ်ကြောင်းကို မြိုင်ပကဖ တပ်ရင်းတပ်ဖွဲ့များနှင့် မဟာမိတ်အဖွဲ့များမှ ပူးပေါင်းကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှုများပြား ကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များဘက်မှ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သိရ သည်။