မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကန်နီရွာရှိ ပျူစောထီးစခန်းကို လက်နက်ကြီးများဖြင့် ၂ ရက်ဆက် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ကြောင်း MPL အလယ်မြေ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။
သြဂုတ်လ ၆ ရက်နေ့ ည ၉ နာရီမှ နံနက် ၁ နာရီခန့်အထိ ကန်နီ ပျူစောထီးရွာကို MPL တိုက်နယ်-၄ ပကဖ၊ ဒေါင်းနီ-PDF၊ သပြေတော ပကဖအဖွဲ့နှင့် ဆင်ရိုင်းရာဇာတပ်ဖွဲ့ တို့က Rocket ၊ ၁၂၀ မမ လက်နက်ကြီးများဖြင့် ၄ နာရီကြာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
သြဂုတ်လ ၇ ရက်နေ့ နံနက် ၅ နာရီခန့်တွင်လည်း ကန်နီရွာရှိ ပျူစောထီး စခန်းကို နဂါးနီ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့ (မြိုင်ပကဖ တပ်ရင်း-၃)၊ ပခုက္ကူခရိုင် တပ်ရင်း-၁၅၊ Pakokku Special Task Force၊ မြေလတ်ဒေသပြောက်ကျားတပ်ဖွဲ့-MRG နှင့် နယ်မြေခံ PDF အဖွဲ့များက လက်နက်ငယ်များ၊ ၄၀ မမများ၊ RPG ၂ လက်ဖြင့်ပစ်ခတ်ရာ အကြမ်းဖက် စစ်တပ်၏ လင့်စင်အနီးရှိ ဘန်ကာများ ပျက်စီးခဲ့ပြီး စစ်သား ၂ ဦးသေကာ ၅ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း MPL အလယ်မြေ ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။