မကွေးတိုင်း၊ မြိုင်မြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန(လဝက)ရုံးအပါအဝင် စစ်အုပ်စုတပ်စွဲရာ နေရာ နှစ်ခုကို ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတိယတာဝန်ခံ ကိုကျောက်တိုင်က ပြောသည်။
ယမန်နေ့ (သြဂုတ်၂၇ ရက်)နံနက် ၁၁ နာရီခွဲခန့်က မြိုင်မြို့ရှိ စစ်ကောင်စီတပ်သားများ အနေများသည့် လဝကရုံးနှင့် အခြားအဆောက်အဦးတစ်ခုပေါ်သို့ ဒရုန်းဖြင့် ဗုံးသီး ၅လုံးချကာ တိုက်ခိုက်ခဲ့ကြောင်းမြိုင်(ပကဖ)အဖွဲ့ ဒုတာဝန်ခံ ကိုကျောက်တိုင်က ပြောသည်။
စစ်အုပ်စုရှိရာနေရာများသို့ ကျရောက်ပေါက်ကွဲပြီး ထိခိုက်မှုရှိနိုင်သည်ဟု မြိုင်(ပကဖ)အဖွဲ့က ဆိုသည်။
“မြို့ပေါ်မှာက ပြည်သူ သိပ်မရှိတော့ဘူး။ အကုန်ထွက်ကုန်ကြပြီ။ စစ်ကောင်စီတပ်တွေရယ်၊ သူတို့နဲ့(စစ်ကောင်စီနဲ့)ဆက်စပ်တဲ့သူရယ်၊ တချို့ကျ ဆွေမျိုးညာတိမရှိတော့ ပြန်စရာနေရာမရှိလို့ ကျန်နေတဲ့ပြည်သူတွေရယ်ပဲ ကျန်တယ်။”ဟု ကိုကျောက်တိုင်က ပြောသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် မြိုင်မြို့ပေါ်ရှိ စစ်အုပ်စုက ယမန်နေ့ည ၉ နာရီခန့်တွင် လက်နက်ကြီးများဖြင့် အနီးပတ်၀န်းကျင်ကို ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ဆင်ရေးကို မြိုင် ပကဖ တပ်ရင်း (၂)ဦးဆောင်ပြီး Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)}၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3)၊ PDAF အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။