မကွေးတိုင်း၊ မြိုင်မြို့နယ်အနောက်တောင်ပိုင်း၊ တွင်းမရွာက စစ်သားနဲ့ပျူစောထီးတွေ လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာကြောင့် အိုရင်းကျေးရွာက အမျိုးသမီးတဦးကျည်ထိမှန် သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
စက်တင်ဘာလ ၂၂ ရက် ဒီနေ့မနက် ၉ နာရီလောက်မှာ ၆၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် အသက် ၇၀ အရွယ် ဒေါ်လှပိုရဲ့ ဦးခေါင်းကို ထိမှန်သေဆုံးခဲ့တာပါ။
အိုရင်းကျေးရွာက ကိုစန်းထက်ဦးရဲ့ နေအိမ်မှာ စကားပြောနေကြချိန် လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့တာဖြစ်ပြီး ဒေါ်လှပိုကတော့ ပွဲချင်းပြီး သေဆုံးခဲ့ကာ အတူရှိနေတဲ့ အသက် ၃၀ အရွယ် ကိုစန်းထက်ဦးနဲ့ ၃၂ နှစ်အရွယ် မောင်မျိုးမင်းတို့ကတော့ ထိခိုက်ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။
“လက်နက်ကြီးက ၃ လုံးပစ်တာ၊ တလုံးက လူထိတယ် သေတယ်။ တလုံးက ရွာသစ်မြောက်ဘက်မှာ ကျတယ်။ လူထိခိုက်တာတော့မရှိဘူး။ နောက်ဆုံးတလုံးက ရွာအနောက်ဘက်တောထဲကျတယ် မကွဲဘူး”လို့ မြိုင်ဒေသခံတဦးက ပြောပါတယ်။
ကိုစန်းထက်ဦးနဲ့ ကိုမောင်မျိုးမင်းတို့မှာ လက်မောင်းနဲ့နောက်ကျော ထိခိုက်ဒဏ်ရာရခဲ့ပြီး စစ်ကောင်စီဘက်က ထပ်မံပစ်ခတ်မှာစိုးရိမ်တဲ့အတွက် အခြားနေရာမှာ ပြောင်းရွှေ့ထားပြီး ဆေးကုသမှုပေးထားတယ်လို့ ဆိုပါတယ်။
စက်တင်ဘာ ၇ ရက်ကလည်း တွင်းမရွာကပျူစောထီးတပ်ဖွဲ့တွေက ၆၀ မမလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ အိုရင်းရွာ ဘုန်းကြီးကျောင်းဝင်းထဲမှာရှိတဲ့ ဘုရားရုပ်ထုတချို့ ထိမှန်ပျက်စီးခဲ့ပါသေးတယ်။