ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးမြို့၊ လမ်းမတော်ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ အ.ထ.က (၃) အနီး၊ မိန်မိန်း မာလာထန့် စားသောက်ဆိုင်မှာ လူငယ် ၂ ဦး ရိုက်နှက် ဖမ်းဆီး ခံလိုက်ရတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
ဒီနေ့ ဇွန်လ ၅ ရက်၊ မွန်းတည့် ၁၂ နာရီ ဝန်းကျင်က လူငယ် ၂ ဦး ဆိုင်မှာ စားသောက်နေစဉ် လက်နက်နဲ့ အတူ ဖမ်းဆီးခံရတာဖြစ်ပြီး ဖမ်းဆီးသူတွေဟာ အရပ်ဝတ်နဲ့ ဝင်ရောက် ရိုက်နှက်တာလို့ ဆိုပါတယ်။
“သူတို့ ၂ ယောက်လုံး အပေါ်အဆင်က ကရင်ဝတ်စုံ အဖြူနဲ့ ကောင်လေးက ပြောက်ကျား ဘောင်းဘီနဲ့ပါ။ အဝတ်အစား တအားထင်ပေါ် သိသာနေလို့ ဖမ်းဆီးတာ ထင်တယ်။ လက်နက်လည်း တွေ့တယ်တဲ့” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရသူ ၂ ဦးဟာ အသက် ၁၈ နှစ်ဝန်းကျင်အရွယ် အမျိုးသမီး တစ်ဦးနဲ့ အမျိုးသား တစ်ဦး ဖြစ်ပြီး ဆိုင်ကယ် အပြာရောင် စီးနင်းလာတာလို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် လာရောက်ဖမ်းဆီးတဲ့ အရပ်ဝတ် စစ်ကောင်စီတပ်သား ၆ ဦးဟာ အိမ်စီးကားနဲ့ ရောက်လာတာ ဖြစ်ပြီး ဘာလက်နက်တွေ ဖမ်းမိတယ် ဆိုတာတော့ မသိရသေးဘူးလို့ ဆိုပါတယ်။
“နံပါတ်တုတ်တွေနဲ့ ရိုက်ပြီး ကားပေါ် တင်ခေါ်သွားတာ တွေ့လိုက်တယ်။ ခေါင်းမှာ သွေးတွေနဲ့။ ဖမ်းမိတဲ့ လက်နက်ကိုလည်း အစစ်လား အတုလား တိုက်စစ်သေးတယ်။ ရဲဘော်တွေ အနေနဲ့ အကြောင်း အမျိုးမျိုးကြောင့် မြို့ပေါ်လာရင် ထင်ပေါ်တဲ့ အဝတ်အစားနဲ့ အပြုအမူ ဆင်ခြင်ဖို့၊ အမြဲသတိရှိဖို့ အသိပေးချင်တယ်” လို့ မျက်မြင်တွေ့ရှိသူ နောက်တစ်ဦးက ပြောပါတယ်။
ဖမ်းဆီးခံရတဲ့ လူငယ် ၂ ဦးကို လက်ရှိ တောင်ကြီး မြို့မရဲစခန်းမှာ ချုပ်နှောင်ထားပြီး အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်-ရပခ ရဲ့ စစ်ကြောရေးစခန်း ပို့ဆောင်မယ်လို့ သတင်းရင်းမြစ်ထံက သိရပါတယ်။
မတ်လ ၃၁ ရက်နေ့၊ ည ၁၁ နာရီကလည်း ဗိုလ်ချုပ်လမ်းမကြီး၊ အလိမ္မာစတိုးရှေ့မှာ ဂစ်တာတီး သီချင်းဆို နေတဲ့ လူငယ် ၆ ဦးကို ကင်းလှည့်နေတဲ့ စစ်ကောင်စီတပ်က မသင်္ကာမှုနဲ့ ဖမ်းဆီးသွားလို့ မိသားစုဝင်တွေက တစ်ဦးကို ၁၀ သိန်းနဲ့ ပြန်ရွေးခဲ့ရတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။