၁၀၂၇ စစ်ဆင်ရေး နှင့် အတူစစ်ဘောင်ကျယ်လာပြီဖြစ်၍ ပြောက်ကျားစစ်ဆင်ရေး (Guerrilla warfare) မှတစ်ဆင့် မြို့ပြတိုက်ပွဲ (Urban warfare) အဆင့်ဖြစ်သောမြို့သိမ်းတိုက်ပွဲအဆင့်ကိုရောက်လာတော့မည်ဖြစ်၍ စစ်၏သဘောသဘာဝအရပြည်သူများအသက်၊အိုးအိမ်၊စည်းစိမ်များ ထိခိုက်ပျက်စီးမှုရှိနိုင်သဖြင့် ထိခိုက်ပျက်စီးမှုလျော့နည်းစေရန် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဆောင်ရန်၊ရှောင်ရန် အချက်များကို ထုတ်ပြန်သည်။
NUG ၏ အမျိုးသမိး လူငယ်နှင့်ကလေးသူငယ်ရေးရာဝန်ကြီးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် သဘာဝဘေးအန္တယ်စီမံခန့်ခွဲရေးဝန်ကြီးဌာန နှင့် ပြည်သူ့ကာကွယ်ရေးနှင့်ထောက်ပံ့ရေးတပ်ဖွဲ့တို့က” ပြည်သူ့အတွက်တောင်ပံများ”ဟူသော အချက် ၁၉ ချက်ပါသော စစ်ပွဲအတွင်းရှောင်ရန်/ဆောင်ရန်အချက်များကို နိုဝင်ဘာ ၂ ရက်တွင်ထုတ်ပြန်အကြံပြုထားသည်။
အဆိုပါလမ်းညွှန်မှုများကိုလိုက်နာခြင်းဖြင့် မိမိတို့မိသားစုကိုအထိုက်အလျှောက်ကာကွယ်နိုင်မည်ဖြစ်သည်ဟုလည်းဆိုသည်။
ညီနောင်မဟာမိတ် ၃ ဖွဲ့က အောက်တိုဘာ ၂၇ ရက်မှစ၍ “၁၀၂၇ စစ်ဆင်ရေး”ဖြင့် ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းတွင် စစ်ကောင်စီတပ်စခန်းများကို တစ်ချိန်တည်းတိုက်ခိုက်နေရာ စစ်ဆင်ရေး ၇ ရက်မြောက်နေ့တွင် စစ်စခန်းပေါင်း
၁၀၀ ခန့်နှင့် မြို့ ၄ မြို့ကို သိမ်းယူနိုင်ခဲ့သည်။ KIA ကလည်း ကချင်ပြည်နယ်တွင် စစ်ကောင်စီ၏ အဓိကစစ်စခန်းများကို ဆက်တိုက်သိမ်းယူနေသည်။တစ်ချိန်တည်းတွင် စစ်ကိုင်းတိုင်းထီးချိုင့်မြို့နယ်တွင်လည်း ၁၀၂၇ စစ်ဆင်ရေးဖြင့်
KIA ၊AA နှင့် PDF တို့က စစ်ကောင်စီကိုတိုက်ခိုက်နေသည်။
ယနေ့(နိုဝင်ဘာ ၃ ရက်)တွင် စစ်ကိုင်းတိုင်းရှိ ကောလင်း ၊ခါမ်းပါတ် စသောမြို့များနှင့် ကန့်ဘလူ ၊အရာတော် ၊ကျွန်းလှ၊ ကလေးမြို့နယ်တို့တွင်လည်း တော်လှန်ရေးအဖွဲ့များက စစ်ကောင်စီတပ်ကိုထိုးစစ်ဆင်တိုက်ခိုက်ပြီး မြို့သိမ်းတိုက်ပွဲများကို စတင်ဖော်ဆောင်လာသည်။ ကရင်ပြည်နယ်တွင်လည်း ကော့ကရိတ် ၊ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင်လည်း နိုဝင်ဘာ ၂ ရက်ကမြို့ပေါ်တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။
စစ်၏သဘောသဘာဝအရပြည်သူများအသက်၊အိုးအိမ်၊စည်းစိမ်များ ထိခိုက်ပျက်စီးမှု(collateral damages) ရှိနိုင်သဖြင့် ထိခိုက်ပျက်စီးမှုလျော့နည်းစေရန် NUG ကအကြံပြုသောဆောင်ရန်ရှောင်ရန် အချက် ၁၉ ချက်ကို ဖော်ပြလိုက်ပါသည်။