မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၊ မြို့သာမြို့တွင် လက်ဖက်ရည်ဆိုင်ထိုင်နေသည့် မြို့နယ်ရဲတပ်ဖွဲ့မှူး သက်ဆွေဆိုသူ ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။
သေနတ်တစ်လက်နှင့်ခဲယမ်းများ သိမ်းဆည်းခံလိုက်ရကြောင်း သတင်းရရှိသည်။
ယနေ့ (ဇွန်လ ၂၉ ရက်) နံနက် ၈ နာရီ၁၅မိနစ်ခန့်က ရဲဘော်များသည် ငါန်းဇွန် – မြို့သာလမ်းပိုင်း မြို့သာနယ်အတွင်း ကင်းပုန်းဝပ် စောင့်ဆိုင်းနေစဉ် ငါန်းဇွန်မြို့နယ်မှူးနှင့်နောက်လိုက် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးတို့သည် အရပ်ဝတ်ဖြင့် ဆိုင်ကယ်စီးကာ မြို့သာစက်မှုဇုံအတွင်းမှ ထွက်ခွာလာသည်ကို သတင်းရခဲ့ကြောင်း နဂါးနီပြောက်ကျား တပ်ဖွဲ့-မြင်းခြံ၏ခေါင်းဆောင် ကိုသန့်က ပြောသည်။
ထို့နောက် ၎င်းတို့နှစ်ဦး မြို့သာမြို့ပေါ် လက်ဖက်ရည်ဆိုင်၌ထိုင်နေစဉ် ဝင်ရောက်ပစ်ခတ်ရာ မြို့နယ်ရဲမှူးဆိုသူ သေဆုံးခဲ့ကြောင်း၊ ၎င်း၏တပည့်ဖြစ်သူမှာ ထွက်ပြေးလွတ်မြောက် သွားကြောင်း နဂါးနီပြောက်ကျား တပ်ဖွဲ့-မြင်းခြံ၏ ခေါင်းဆောင် ကိုသန့်က ပြောသည်။
“သူတို့က သေနတ်ကိုတောင် တစစီဖြုတ်ပြီး တုပ်ပြီးသယ်လာတာ။ စက်မှုဇုန်ဘက်ပတ်ကြည့်တယ်ထင်ပါတယ်။ လက်ဖက်ရည်ဆိုင်မှာမိတာ။သူ့နောက်လိုက်ကတော့ စျေးထဲဝင်ပြေးတာ။ အများပြည်သူထဲဆိုတော့ လိုက်ပစ်ဖို့အဆင်မပြေတော့ဘူး။”ဟု ကိုသန့်က ပြောသည်။
၎င်းတို့ထံမှ G-3 တစ်လက်၊ 7.62 ကျည် ၁၂ တောင့် လက်ပစ်ဗုံး သုံးလုံး၊ လက်ထိပ် တစ်ခု၊ ဖုန်းတစ်လုံး၊ လက်ရိုက်တုတ် တစ်ချောင်း၊ မှတ်ပုံတင် ဓာတ်ပုံများနှင့် စာရွက်စာတန်းများ သိမ်းဆည်းရမိခဲ့ကြောင်း နဂါးနီပြောက်ကျား တပ်ဖွဲ့က အသိပေးသည်။
သေဆုံးသူ၏ ဝန်ထမ်းကတ်အရ ၎င်းမှာ မြို့နယ်ရဲမှူးဟုသိရပြီး မြို့နယ်ရဲမှူးဟုတ်၊မဟုတ် လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။