ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက်မှာရှိတဲ့ PDF-Zoland က ချင်းပြည်နယ်မှာရှိတဲ့ ရဲနှင့် စစ်သားများကို အချိန်မှီ CDM ပြုလုပ်ရန်နှင့် လက်နက်နှင့်တကွ CDM ပြုလုပ်လာတဲ့သူတွေကို ဆုငွေချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။ ရဲနှင့်စစ်သားအပြင် စစ်ကောင်စီရဲ့လက်အောက်မှာရှိတဲ့ ဌာနဆိုင်ရာအသီးသီးက ဝန်ထမ်းတွေကိုလည်း အချိန်မှီ CDM ပြုလုပ်ဖို့ PDF-Zoland က တောင်းဆိုထားပါသေးတယ်။
တာဝန်ရှိသူတဦးက ”အမြန်ဆုံး CDM ပြုလုပ်ဖို့ ကျွန်တော်တို့ပြောချင်တယ်၊ အကြောင်းအမျိုးမျိုးကြောင့် ရုံးမထွက်နိုင်လူတွေ ရဲ၊ စစ်သား၊ ဝန်ထမ်းတွေရှိနေကြတယ်၊ သူတို့ကို ငဲ့ညာသောအနေနှင့် မြို့သိမ်းတိုက်ပွဲမတိုင်မှီ လာရောက် ပူးပေါင်းဖို့ပြောချင်တယ်။ လက်နက်နှင့် လာရောက်ပြီး CDM လုပ်ရင် လက်နက် အမျိုးစားပေါ်မူတည်းပြီး ဆုငွေလည်းချီးမြှင့်မယ်၊ လုံခြုံတဲ့နေရာထိ တာဝန်ယူဆောင်ရွက်ပေးမယ်”လို့ သူကပြောထားပါတယ်။
မြို့သိမ်းတိုက်ပွဲများဖော်ဆောင်တဲ့အခါမှာ ပြည်သူ့ဘက်လာရောက် မပူးပေါင်းတဲ့ ရဲ၊ စစ်သားနှင့် ဝန်ထမ်းတွေကို ထပ်ပြီး ညှာတာနေတော့မှာမဟုတ်ကြောင်းလည်း ၎င်းကပြောထားပါတယ်။
အာဏာသိမ်းပြီးချိန်ကစပြီး PDF-Zolandထံကို စစ်ကောင်စီလက်အောက်ခံ ရဲနှင့်စစ်သားများစုစုပေါင်း ၃၀ ကျော် CDM ပြုလုပ်ထားတယ်လို့လည်းတာဝန်ရှိသူပြောကြားချက်အရသိရပါတယ်။