ရခိုင်ပြည်၊ မြေပုံမြို့ပေါ်ရှိ စစ်တပ်နှင့် ရဲစခန်းများအားလုံးကို ရက္ခိုင့်တပ်တော် AA က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး AA က ထိန်းချုပ်ထားသော မြို့ပေါင်း ၇ မြို့ရှိလာကြောင်း AA က ထုတ်ပြန်ကြေညာလာသည်။
AA ၏ ၃ လတာ စစ်ဆင်ရေးအတွင်း ပလက်ဝဒေသရှိ ပလက်ဝ၊ ပေါက်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ တောင်ပြိုမြို့စသည့် စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများကို သိမ်းပိုက်ရယူနိုင်ခဲ့ပြီးကြောင်း သိရသည်။
စစ်ကောင်စီတပ်များနှင့် AA တို့အကြား တိုက်ပွဲများ ပြင်းထန်နေပြီး ရမ်းဗြဲကျွန်းပေါ်၌ တိုက်ပွဲများမှာလည်း ခပ်စိပ်စိပ်ဖြစ်လျက်ရှိကာ လက်ကျန်မြို့များမှ စစ်ကောင်စီ၏ စစ်ဘက်၊ ရဲဘက် တပ်စခန်းများ ကို တစ်ခုမျှမကျန်စေရ သိမ်းပိုက်သွားမည်ဟု AA က ဆိုသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှစတင်၍ စစ်ကောင်စီက ရသေ့တောင်၊ ရမ်းဗြဲ၊ မောင်တော မြို့များတွင် AA ၏ စခန်းများ ကို ကုန်းကြောင်း၊ ရေကြောင်း၊ လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
ရမ်းဗြဲမြို့တွင် စစ်ကောင်စီ၏ လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခံရမှု အများဆုံးမြိုဖြစ်သကဲ့သို ဖေဖော်ဝါရီ ၁၄ ရက်နေ့မှစ၍ ရသေ့တောင်မြို့ပတ်ဝန်းကျင်နှင့် ၎င်းအနီးအနားရှိ ကျေးရွာများသို့ ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် ပလက်ဝမြို့အတွင်းသို ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လာရောက်ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး မောင်တောမြို့နယ်၊ ဗောဓိကုန်းစစ်ကောင်စီတပ်စခန်းကို ရက္ခိုင့်တပ်တော်က ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
စစ်တပ်က အဆိုပါစခန်း မကျရေးအတွက် ကြည်း၊ ရေ၊ လေ ပူးပေါင်း၍ အပြင်းအထန်ခုခံလျက်ရှိပြီး စစ်တပ်၏ ဗောဓိကုန်းစခန်းကို အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် AA က ထိုးစစ်အရှိန်ကို မြှင့်တင်ပြီး တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
စစ်ကောင်စီ က စစ်ပွဲအရှုံးများကြောင့် လူမျိုးရေး အမုန်းတရားများကိုအခြေခံ၍ လက်နက်ကြီးများဖြင့် ရခိုင်တိုင်းရင်းသားများ၏ မြို့ရွာများကို ဦးတည်တိုက်ခိုက် လျက်ရှိကြောင်း ရက္ခိုင့်တပ်တော် AA က ပြောဆို ထုတ်ပြန်သည်။