မြေပြင်ကျောင်းပေါင်း ၃၇၅ ကျောင်း ကို ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း တွေအဖြစ် အသိအမှတ်ပြုကြောင်း NUG ရဲ့ ပညာရေးဝန်ကြီးဌာနက မနေ့ကရက်စွဲနဲ့ ကြေညာပါတယ်။
အဲဒီကျောင်းတွေဟာ NUG ရဲ့ပညာရေးဝန်ကြီးဌာနကို အသိအမှတ်ပြု လျှောက်လွှာတင်ထားတဲ့ ကျောင်းတွေထဲက အသိအမှတ်ပြုရေးမူဝါဒ ၁၁ ချက်ကို လိုက်နာမယ်လို့ ဝန်ခံကတိပြုတဲ့ မြေပြင်ကျောင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။
တနင်္သာရီတိုင်းမှာလည်း မြို့နယ် ၅ ခုလောက်မှာ မြေပြင်ကျောင်းတွေ ဖွင့်လှစ်သင်ကြားနေပါတယ်။ အခုထုတ်ပြန်တဲ့ အထဲမှာ တနင်္သာရီတိုင်းက မြေပြင်ကျောင်းတွေပါဝင်တာ ရှိ၊ မရှိကိုတော့ မသိရသေးပါဘူး။
အခုလ ၁ ရက်နေ့ကလည်း အသိအမှတ်ပြုရေးမူဝါဒ ၁၁ချက်နဲ့ အွန်လိုင်းစနစ်စည်းမျဥ်းတွေကိုလိုက်နာဖို့ ဝန်ခံကတိပြုထားတဲ့ အွန်လိုင်းကျောင်း ၂ ကျောင်းကို NUG ရဲ့ပညာရေးဝန်ကြီးဌာနက အသိအမှတ်ပြုခဲ့ပါသေးတယ်။
NUG အစိုးရ အသိအမှတ်ပြုထားတဲ့ အွန်လိုင်းကျောင်းကတော့ စုစုပေါင်း ၇၀ ဝန်းကျင်လောက်အထိ ရှိပြီလို့ သိရပါတယ်။
နောက်ထပ်စီစစ်နေဆဲ အွန်လိုင်းကျောင်းတွေနဲ့ မြေပြင်ပြည်သူ့ပညာရေးကျောင်းတွေကိုလည်း အသိအမှတ်ပြုကြောင်း ဆက်လက်ထုတ်ပြန် ကြေညာပေးသွားဖို့ ရှိတယ်လို့လည်း NUG ပညာရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။