ကချင်ပြည်နယ်၊မိုးမောက်မြို့နယ် နှင့် ဝိုင်းမော်မြို့နယ်ရှိ ဒေသအချို့အား စစ်ကောင်စီတပ်က ယနေ့ ညနေပိုင်း၌ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
မိုးမောက်မြို့နယ် အောင်ဂျာဒေသနှင့် ဝိုင်းမော်မြို့နယ် နမ့်ဆန်ယန် ဒေသကို အောက်တိုဘာ ၉ရက် ညနေပိုင်း၌ တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။
“အောင်ဂျာရွာနဲ့ နမ့်ဆန်ယန်ရွာဘက် မြစ်ကြီးနားက လာတဲ့ ဂျက်ဖိုက်တာ ၂စီးနဲ့ ဗုံးလာကြဲသွားတယ်။ မြေပြင်တိုက်ပွဲတော့မရှိဘူး”ဟု ကချင်ဒေသ စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ယနေ့ ညနေ ၅နာရီ ၃၆ မိနစ်တွင်တ စ်ကြိမ်၊ ၅နာရီ ၅၄ မိနစ်တွင် တစ်ကြိမ် ဗုံးကြဲခဲ့ခြင်းဖြစ်ပြီး လေကြောင်း တိုက်ခိုက်မှုကြောင့် ထိခိုက်မှု ရှိ၊မရှိ အခြေအနေကို မသိရသေးပေ။
သတင်းရင်းမြစ်က ပေးပို့လာသည့် လေကြောင်း တိုက်ခိုက်မှု ရုပ်သံမှတ်တမ်း၌ လေယာဉ်လာရောက်သည့် အသံကြားရပြီးနောက် ပေါက်ကွဲသံများ ထွက်ပေါ်လာသည်ကို ကြားရသည်။
အဆိုပါနမ့်ဆန်ယန်နှင့်အောင်ဂျာဒေသ အပါအဝင် မြစ်ကြီးနား – ဗန်းမော်လမ်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နှင့် စစ်ကောင်စီတပ်တို၌ ယခုနှစ် ဇူလိုင်လမှစ၍ တိုက်ပွဲများ မကြာခဏ ဖြစ်ပွားနေပြီး စစ်ကောင်စီတပ် အထိနာခဲ့သည်။ ထို့ကြောင့် လက်နက်ကြီးပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများကို စစ်ကောင်စီက မကြာခဏ ပြုလုပ်လျက်ရှိသည်။