အောက်တိုဘာ ၂၇ရက်တွင် စတင်ခဲ့သော Operation 1027 (၁၀၂၇ စစ်ဆင်ရေး)အား KNDFအနေဖြင့်ထောက်ခံကြိုဆိုပြီး လက်ရှိတွင်လည်း စစ်ဆင်ရေးများတွင် ထိထိရောက်ရောက် ပါဝင်ဆောင်ရွက်လျှက်ရှိပြီး စစ်ရေးရည်မှန်းချက်များ အောင်မြင်သည်ထိ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဟု ထုတ်ပြန်သည်။
“တပ်ရင်းအမှတ် (၆၀၆)ကတော့ အရင်ကတည်းကရှိတယ်လို့ ပြောလို့ရတယ်။လူသိပ်မသိကြတာပေါ့။အခုက ကျွန်တော်တို့ရဲ့ မိတ်ဖက် ဖြစ်တဲ့အတွက် စစ်ရေးအရ ညီနောင်တွေနဲ့အတူ တိုက်ပွဲဝင်နေပါတယ် “ဟု KNDF စစ်ရေးချုပ် ခူးရီဒူးက လူထုနွေဦးသို့ ပြောသည်။
လက်ရှိတွင် ‘၁၀၂၇ စစ်ဆင်ရေး’နှင့်ဆက်စပ်၍ ရှမ်းပြည်နယ်မြောက်ပိုင်းအပြင် ကချင်ပြည်နယ် ၊စစ်ကိုင်း နှင့် မကွေးတိုင်းတို့တွင်ပါ စစ်ကောင်စီအထိုင်ချသည့် နေရာများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်လျက်ရှိသည်။
ညီနောင်သုံးဖွဲ့က အောက်တိုဘာ ၂၇ရက်တွင် ‘၁၀၂၇ စစ်ဆင်ရေး’ကို ရှမ်းပြည်မြောက်ပိုင်းရှိ နေရာအများအပြား၌ ဖော်ဆောင်လျက်ရှိရာ မြို့လေးမြို့နှင့် တပ်စခန်း ၁၀၀ခန့်ကို သိမ်းပိုက်ရရှိထားသည်။