ရန်ကုန်မြို့ မြောက်ဥက္ကလာပမြို့နယ် ကျောက်ရေတွင်းခုံးတံတား အောက်ရှိ ယာဉ်ထိန်းရဲရိပ်သာကို ပြင်းအားမြင့်မိုင်းဖြင့် တိုက်ခိုက်ခဲ့ရာ ယာဉ်ထိန်းရဲနှစ်ဦး ဒဏ်ရာရရှိကြောင်း မြောက်ဥက္ကလာပမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)မှတာဝန်ရှိသူက ပြောသည်။
“မိုင်းအစထိသွားတာ ။တစ်ကောင် ကတော်တော် အခြေအနေဆိုးတယ်လို့ မြေပြင်ကသတင်းရတယ်”ဟု ၎င်းက ပြောသည်။
ဇွန် ၁၁ရက် ည ၈ နာရီအချိန်တွင် တိုက်ခိုက်မှုကိုလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ဇွန် ၁၉ရက်တွင် ကျရောက်မည့် လူထုခေါင်းဆောင် မွေးနေ့အတွက် ‘ငုံမခံဘူးတုံပြန်နေမည် သံမဏီနှင်းဆီစစ်ဆင်ရေး’ အဖြစ် လုပ်ဆောင်ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ပြောသည်။
ဖောက်ခွဲတိုက်ခိုက်မှုအပြီးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းများပိတ်၍စစ်ဆေးခဲ့သော်လည်း အဖွဲ့သားအားလုံး ဘေးကင်းကြောင်း ၎င်းကဆိုသည်။
မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (၂)သည် ရန်ကုန်မြို့အတွင်း၌ စစ်ကောင်စီတပ်ဖွဲ့ကို တိုက်ခိုက်မှုများဆက်တိုက်ပြုလုပ်နေသည့် အဖွဲ့ဖြစ်ပြီး စစ်ဆင်ရေးများ ဆက်တိုက် ပြုလုပ်နိုင်ရန် ပြည်သူများ၏ ထောက်ပံ့မှုလိုအပ်ကြောင်း၎င်းက မေတ္တာရပ်ခံသည်။