ရန်ကုန်တိုင်း၊ မြောက်ဥက္ကလာပမြို့နယ်၊ ခေမာသီလမ်းမပေါ်မှာရှိတဲ့ ထွေအုပ်ရုံးနဲ့ ကြံ့ခိုင်ရေးပါတီရုံး အနီး ဗုံးပေါက်ကွဲမှု ဖြစ်ပွားရာ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုရှိတယ်လို့ ဒေသခံ တစ်ဦးကပြောပါတယ်။
ဩဂုတ်လ ၂၆ ရက်၊ ညနေ ၆ နာရီ ဝန်းကျင်က ဖြစ်ပွားခဲ့တဲ့ အဆိုပါ ဗုံးပေါက်ကွဲမှုဟာ မြောက်ဥက္ကလာပမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ တပ်ခွဲ (၂) ရဲ့ လက်ချက်ဖြစ်ပြီး ကြံ့ဖွတ်ပါတီရုံးမှာ အထိုင်ချထားတဲ့ စစ်ကောင်စီတပ်ကို အဝေးထိန်းမိုင်းနဲ့ ဖောက်ခွဲ တိုက်ခိုက်ခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။
“ညနေပိုင်း ၆ နာရီကျော်နေပြီ ၇ နာရီ ထိုးခါနီးမှာ ဗုံးပေါက်သံ ကြားတာ။ အရင်ကလည်း အဲ့လို ပေါက်သံတွေ ကြားဖူးတယ်။ လူနာတင် ကားတွေလည်း လာတာ တွေ့တယ်။ သူတို့ ခွေးသိုက်က အဲ့မှာနေကြတာ။ လူနာတင်ကားတွေနဲ့ ထွက်တာတော့ မြင်လိုက်တယ်” လို့ မျက်မြင်တွေ့သူ တစ်ဦးက ပြောပါတယ်။
အခု ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တဲ့ နေရာမှာ ယခင်က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ဖူးပြီး လူထိခိုက်ဒဏ်ရာ မရရှိခဲ့သလို စစ်ကောင်စီက လက်လုပ်ဗုံးတွေ တွေ့ရှိလို့ ဖောက်ခွဲတာတွေ လုပ်ဆောင်ခဲ့တာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။