မြောက်ဦးမြို့ကို စစ်ကောင်စီက ယနေ့(ဒီဇင်ဘာလ ၂၆ရက်) ညနေ ၄ နာရီ ၃၀ မိနစ်မှစတင်ကာ လေကြောင်းမှ ဗုံးကြဲ တိုက်ခိုက်နေကြောင်း မြို့ခံများထံမှသတင်းရရှိသည်။
“ဖျက်အားအတော်ပြင်းတဲ့ဗုံးတွေ လေကြောင်းကနေလာချပါတယ်။ မြို့ခံတွေပြေးလွှားနေရပါတယ်” ဟု ညောင်ဦးမြို့ဒေသခံတဦးက ပြောသည်။
မြောက်ဦးမြို့မရဲစခန်း နှင့် စစ်တပ်ကုန်းကို ရက္ခိုင့်တပ်တော်AAက ဒီဇင်ဘာလ ၂၄ရက် နံနက်တွင်စတင်တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲများပြင်းထန်ခဲ့သည်။
ထိုနေ့မှစ၍ စစ်ကောင်စီတပ်က လူနေကျေးရွာများနှင့် မြောက်ဦးမြို့ပေါ်ကို လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။ စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒီဇင်ဘာလ ၂၄ရက်နှင့် ၂၅ရက်တွင် အနည်းဆုံးအရပ်သား လေးဦး သေဆုံးခဲ့ပြီး ရှစ်ဦးထက်မနည်းဒဏ်ရာရခဲ့သည်။
ထိုအပြင် ဒီဇင်ဘာ ၂၅ ရက်တွင် မြောက်ဦးရှေးဟောင်းပြတိုက်အဆောကိအအုံကိုစစ်တပ်ကလက်နက်ကြီးဖြင့်ပစ်၍ ရှေးဟောင်းပစ္စည်းများပျက်စီးခဲ့သည်။မြောက်ဦးတိုက်ပွဲ သုံးရက်မြောက်သည့် ယနေ့၌ စစ်ကောင်စီက လေကြောင်း အသုံးပြု၍ တိုက်ခိုက်လာခြင်းဖြစ်သည်။
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ရခိုင်တိုင်းရင်းသားတို့၏ ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များထားရှိရာ မြောက်ဦးပြတိုက် ထိခိုက် ပျက်စီးခဲ့ပြီးထိုတိုက်ခိုက်မှုအပေါ် ရှုံ့ချကြောင်းနှင့် အရေးယူနိုင်ရေး ဆောင်ရွက်သွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကြားကာလအမွေအနှစ်ထိန်းသိမ်းရေးကော်မရှင်က ယနေ့ထုတ်ပြန်သည်။
အလားတူ ရခိုင်လူမျိုးများ၏ သမိုင်းအမွေအနှစ်များရှိရာ မြောက်ဦးမြို့ကို ရည်ရွယ်ချက်ရှိရှိဖျက်ဆီးခဲ့သည့် စစ်ကောင်စီအား ထိထိရောက်ရောက်တုံ့ပြန်သွားမည်ဟု AA က ယမန်နေ့( ဒီဇင်ဘာလ ၂၅ရက်)တွင်ထုတ်ပြန်သည်။
ယနေ့ညနေ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်မှုများကို လတ်တလောမသိရှိရသေးပေ။