ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြောက်ဦးမြို့မရဲစခန်းနှင့် စစ်တပ်စခန်းတို့ကို AA က ဝင်ရောက်တိုက်ခိုက်နေပြီး တိုက်ပွဲပြင်းထန်နေကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။
ယနေ့ ဒီဇင်ဘာ ၂၄ ရက်နေ့ နံနက် ၃ နာရီ ၅၀ မိနစ် ဝန်းကျင်မှစတင်၍ မြောက်ဦးမြို့မ ရဲစခန်းတွင် စတင်တိုက်ပွဲ ဖြစ်ပွားခြင်းဖြစ်ပြီး လက်ရှိ အချိန်အထိ တိုက်ပွဲများဖြစ်ပွားနေကြဆဲဖြစ်ကြောင်း၊ ထို့ပြင် စစ်တပ် တပ်စွဲထားသော သူတော်မတောင်တွင်လည်း တိုက်ပွဲဖြစ်ပွားနေကြောင်း မြောက်ဦးမြို့မှ ပြည်သူတစ်ဦးကပြောသည်။
“အာရုဏ်လောက်ကနေ ပစ်သံတွေစကြားရတယ်။ ခုထိပစ်ခတ်နေကြတုန်းပဲ။ မြို့မရဲစခန်းနဲ့ စစ်ကောင်စီ တပ်သားတွေရှိတဲ့ သူတော်မတောင်ကို အေအေက ဝင်တိုက်တာလို့ထင်ရတယ်။ လက်နက်ကြီးတွေလည်း ဆက်တိုက်ပစ်တာတွေရှိတယ်။ မြို့ခံတွေကတော့ ဘာတွေဆက်ဖြစ်လာမလဲ စိုးရိမ်နေကြတယ်” ဟုပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးမှာ မြို့တွင်းရှိ တောင်ရပ်ရက်ကွက်နှင့် ဆင်ချဆိပ်ဖက်တို့တွင် ကျရောက်ခဲ့ပြီး နေအိမ်နှင့် လူ၊ တိရစ္ဆာန်များထိခိုက်ပျက်စီးမှုရှိနေကြောင်း သိရသည်။
မြောက်ဦးမြို့တွင်း နှစ်ဖက်တိုက်ပွဲ အခြေနေကြောင့် မြို့ခံအများအပြားမှာလည်း မြို့ကိုစွန့်ခွာမှုရှိ နေကြပြီဖြစ်သည်ဟု ဒေသခံများကဆိုသည်။
“စဖြစ်တယ်ဆိုကတည်းက ထွက်ပြေးနေကြတယ်။ အခုတော်တော်များများ မြို့ကနေထွက်သွားကြပြီ။ တိုက်ပွဲထပ်ပြင်းထန်လာပြီး စစ်ကောင်စီက လေယာဥ်တွေနဲ့ လာပစ်မှာကိုလည်းစိုးရိမ်နေကြတယ်” ဟုပြောသည်။
မြောက်ဦးတွင် ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းကလည်း ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားမှုများ ရှိခဲ့ပြီး စစ်ကောင်စီဖက် ထိခိုက်သေဆုံးမှုများလည်းရှိခဲ့သည်။