ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမှာရှိတဲ့ ယဉ်ကျေးမှုပြတိုက် အဆောက်အဦးပေါ် ဒီနေ့မနက်ပိုင်းက လက်နက်ကြီး ကျရောက်ပြီး ပျက်စီးထိခိုက်မှုရှိတယ်လို့ ဒေသခံအချို့ထံကသိရပါတယ်။
လက်နက်ကြီးဟာ ကျောက်စာနဲ့ ကျောက်ဆစ်လက်ရာတွေပြသထားတဲ့ ပြတိုက်အဆောက်အဦးပေါ် ကျရောက်တာလို့ ဒေသခံ သတင်းရင်းမြစ်က ပြောပြပါတယ်။
အဆောက်အဦး ပျက်စီးသွားပေမယ့် ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းတွေထိခိုက်မှုအခြေအနေအသေးစိတ်ကို မသိရသေးဘူးလို့ အဲဒီသတင်းရင်းမြစ်ကဆိုပါတယ်။
လူမှုကွန်ရက်မှာ ပျံနှံလာတဲ့ ရုပ်သံဖိုင်အရတော့ ပြတိုက်အဆောက်အဦးပျက်စီးသွားတာတွေ့ရပါတယ်။
မြောက်ဦးမှာ မနေ့ မနက်ပိုင်းကစတင်ပြီး ရက္ခိုင့်တပ်(AA ) နဲ့ စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာပါ။
မနေ့က တိုက်ပွဲမှာ စစ်ကောင်စီရဲ့မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၅၄၀ ) ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် မြောက်ဦးမြို့ ၊ဆင်ချဆိပ်ရပ်ကွက်ထဲ လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲရာမှာ အရပ်သား ၃ ဦးသေဆုံးခဲ့ရတယ်လို့ AA ပါဝင်တဲ့ မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ထုတ်ပြန်ထားပါတယ်။
အသက် ၅ နှစ်အရွယ် ကလေးငယ်လည်း စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည်ကြောင့် လက်ပြတ်သွားတဲ့အထိ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ မြောက်ပိုင်း သုံးဖွဲ့က ဆိုပါတယ်။
တိုက်ပွဲတွေဟာ မြောက်ဦးမှာ ဒီနေ့မနက်ပိုင်းအထိ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်ပြီး မြို့ခံတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။