စစ်ကိုင်းတိုင်း မြောင်မြို့နယ်ထဲ စစ်အုပ်စု အခြေပြုနေရာ နှစ်ခုဖြစ်တဲ့ မြောင်မြို့ရဲစခန်းနဲ့ ကျောက်ရစ်ရွာ ရဲစခန်းကို တော်လှန်ရေးအဖွဲ့တွေက ဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ရာ စစ်အုပ်စု (၁၅)ယောက် ထက်မနည်း သေတယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။
မနေ့ အောက်တိုဘာ(၂)ရက် ည(၈)နာရီလောက်က တော်လှန်ရေး ဒရုန်းတပ်ဖွဲ့ ကိုးဖွဲ့ပူးပေါင်းပြီး ကျောက်ရစ်စခန်းကို ဗုံးသီး(၁၃)လုံးချ တိုက်ခိုက်ခဲ့တယ်လို့ Gost Team Ranger Myinmu (GTR-MMU) တပ်ဖွဲ့က ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
“မနေ့က ညပိုင်း (၈)နာရီဝန်းကျင်လောက်ကနေ စတင် တိုက်ခိုက်ခဲ့တာဗျ။ စုစုပေါင်း ဗုံးသီး(၁၃)လုံး ကျဲချ တိုက်ခိုက်ခဲ့တာပေါ့။ အားလုံး စခန်းထဲမှာ ကျပြီးတော့ အကုန်ပေါက်ကွဲတယ်ဗျ။ စခတွေဘက်က အထိအခိုက် အကျအဆုံးတော့ ရှိနိုင်တယ်ဗျ။ စခတွေဘက်ကနေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည် ပစ်ခတ်တာမျိုးတွေ ရှိတယ်ဗျ။ ကျနော်တို့ ရဲဘော်တွေကနေကတော့ အထိအခိုက် မရှိ ပြန်လည် ဆုတ်ခွါနိုင်ခဲ့တယ်”
အဲဒီတိုက်ခိုက်မှုကို တော်လှန်ရေးအဖွဲ့ ကိုးဖွဲ့ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပြီး စစ်ကိုင်းခရိုင် တပ်ရင်း (၂)၊ တပ်ခွဲ (၁)၊ တပ်ခွဲ (၂)၊ Ghost Team Ranger Myinmu (GTR-MMU)၊ CDSOM (မြောင်) ၊CDSOM 001 (မြောင်)၊ Civil Revolution Force (CRF)၊ တလုတ် PDF၊ MGN Ranger ၊ Myinmu Defence Force (MMDF)၊ မြင်းခြံခရိုင် တပ်ရင်း (၆) စတဲ့ အဖွဲ့တွေ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
မြောင်နယ်ထဲ စစ်အုပ်စု အထိုင်ချစခန်း နှစ်ခုဖြစ်တဲ့ မြောင်မြို့ ရဲစခန်းနဲ့ ကျောက်ရစ်ရဲစခန်းတွေကို ဒေသခံ တော်လှန်ရေးတပ်တွေက မကြာခဏ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။