စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ထဲက အကြမ်းဖက်လက်ပါးစေ ကျောက်ရစ်ရဲစခန်းနဲ့ အထိုင်တပ်ဆွဲထားတဲ့ နေရာတွေကို PDFပူးပေါင်းတပ်က ဒရုန်းနဲ့ ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့ MSPDFက ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
အကြမ်းဖက်လက်ပါးစေ ကျောက်ရစ်ရဲစခန်းကို ဇွန်လ ၁၂ရက် မနက် ၆နာရီက MSDF ဦးဆောင်ပြီး ချင်းတွင်းတပ်ပေါင်းစု၊ CHU -PDF၊ မတ္တီလာခရိုင်တပ်ရင်း (၃)တို့က ပူးပေါင်းကာ (450g) ဗုံးသီး ၂လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ် အထိုင်ဆွဲထားတဲ့ ကျောက်ရစ်ဆေးရုံကို( 450g ) ဗုံးသီး၁လုံးနဲ့ ထပ်မံ ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဆေးရုံဟာ တိုက်ပွဲအတွင်း ဒဏ်ရာရအကြမ်းဖက်စစ်သားတွေကို အများဆုံးကုသပေးနေတဲ့ ဆေးရုံလည်း ဖြစ်ပါတယ်။
တော်လှန်ရေးပူးပေါင်းတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့ရာမှာ ရန်သူ့ဘက်က လက်နက်ငယ်တွေနဲ့ပြန်လည်ပစ်ခတ်ခဲ့တဲ့အပြင် စခန်းပြင်ဘက်ကို စစ်ကြောင်းထွက်ပြီး လိုက်လံစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါတိုက်ခိုက်မှုအတွင်း ရန်သူ့တပ်က ထိခိုက်ဒဏ်ရာရ၊ သေဆုံးမှုအခြေအနေကို ဆက်လက်စုံစမ်းဆဲဖြစ်တယ်လို့ သိရပါတယ်။