စစ်ကိုင်းတိုင်း မြောင်မြို့နယ်တောင်ပိုင်း ကျေးရွာတစ်ရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ၏ ကြားကာလပညာသင်ကြားရေးကျောင်းကို စစ်ကောင်စီတပ်က ယနေ့(နိုဝင်ဘာ ၁၀ရက်) ညနေ ၃နာရီ ၂၀မိနစ်ခန့်တွင် ဂျက်ဖိုက်တာဖြင့် ပေါင် ၅၀၀ဗုံးနှစ်လုံး ကြဲချတိုက်ခိုက်ခဲ့သည်။
စာသင်ကျောင်းဝင်းအတွင်းရှိ အဆောက်အဦးအချို့ အကြီးအကျယ်ပျက်စီးသွားပြီး ကလေးငယ်များ စာသင်ကြားနေသည့် ကျောင်းဆောင်မှာ ကံကောင်းထောက်မ၍ ဗုံးမထိခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပေါက်ကွဲမှုမှ စင်လာသော ခဲများ၊ ယမ်းစများကြောင့် အရပ်သားအချို့ ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်သည် လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခဲ့သလို စက်သေနတ်ဖြင့်လည်း ပစ်ခတ်သွားသည်ဟု သတင်းရရှိသည်။