ကရင်အမျိုးသားအစည်းအရုံး (KNU) နဲ့ ပူးပေါင်းတပ်တွေထံ လက်နက်ချအညံ့ခံခဲ့တဲ့ မြ၀တီမြို့နယ်က စစ်သား ၆၁၇ ယောက်ကို မဲဆောက်လေဆိပ်ကနေ ပြန်ပို့ပေးဖို့ စစ်ကောင်စီက ထိုင်းအစိုးရထံ အကူအညီတောင်းခံမှုဟာ ဖြစ်မလာဘဲ တချို့စစ်ဘက်ရဲဘက် အရာရှိတွေဟာ ဧပြီ ၇ ရက်ကတည်းက မဲဆောက်ဘက်ကို တံတားကနေ ဖြတ်ကူးသွားပြီး ထိုင်းအစိုးရထံ ခိုလှုံခွင့်တောင်းနေတယ်လို့ ထိုင်း Khaosod မီဒီယာက ထုတ်ပြန်ရေးသားသွားပါတယ်။
ဧပြီ ၇ ရက်ည ၉ နာရီခွဲမှာ မဲဆောက်လေဆိပ်ကနေ မြန်မာလေကြောင်းလိုင်း လေယာဉ်တစ်စီး ရောက်လာပြီး ပြန်ထွက်သွားမှုမှာ အညံ့ခံ စစ်ကောင်စီတပ်သားတွေ တစ်ယောက်မှ မပါသွားဘူးလို့ ဆိုပါတယ်။
KNU ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီကလည်း ကာယကံရှင်တွေ ဆန္ဒမပါဘဲ ဘယ်သူ့ကိုမှ စစ်ကောင်စီထံ ပြန်မပို့ပေးဘူးလို့ ဧပြီ ၈ ရက် နေ့မှာ ခေတ်သစ်မီဒီယာထံ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဧပြီ ၇ ရက်ည မြန်မာလေကြောင်းလိုင်းနဲ့ စစ်သားမဟုတ်၊ လက်နက်မပါတဲ့ အမျိုးအမည်မဖော်ပြသူ မြန်မာနိုင်ငံသားတချို့ မဲဆောက်လေဆိပ်ကနေ ထွက်ခွာသွားတယ်လို့ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီဆင်က ဧပြီ ၈ ရက်မနက်မှာ ထုတ်ပြန်ခဲ့ပါတယ်။
စစ်ကောင်စီနဲ့ ရဲဘက် အရာရှိတချို့ဟာ ဧပြီ ၇ ရက်ကတည်း က ကုန်းလမ်းကနေ မဲဆောက်ထဲဝင်လာပြီး အားလုံးဟာလည်း မင်းအောင်လှိုင်ပြန်ခေါ်သလို မပြန်လိုကြဘဲ ထိုင်းနိုင်ငံမှာ ခိုလှုံခွင့်တောင်းနေကြတယ်လို့ Khaosod မီဒီယာက ဖော်ပြသွားပါတယ်။