ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်မြို့တွင် လက်နက်ချအညံ့ခံခဲ့ပြီးနောက် ဒေါနတောင်တန်း၊ အောင်ဇေယျစစ်ဆင် ရေးသို့ အပို့ခံခဲ့ရသော စစ်သား ၁၀၀ ကျော်မှာ တိုက်ပွဲများအတွင်း ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့ ကြောင်း အလင်းဝင်ရောက်ခဲ့သူ ခမရ ၁၈ မှ တပ်သား ချစ်ထွေးက ပြောကြားသည်။
ခမရ ၁၈ မှ တပ်သား ချစ်ထွေးသည် ဇူလိုင်လ ၅ ရက်နေ့ အောင်ဇေယျစစ်ဆင်ရေးအတွင်းမှ ထွက်ပြေးလာခဲ့ပြီး KNLA တပ်ဖွဲ့ထံ အ လင်း ဝင်ရောက်ခဲ့ကြောင်း၊ ထိုသို့ အလင်းဝင်ရောက်လာပြီး ဒေါနတောင်တန်းပေါ်မှ အောင်ဇေယျစစ်ဆင်ရေးအခြေအနေများကို ထုတ်ဖော်ပြောဆိုလာခြင်းဖြစ်သည်။
“အစလာတုန်းက ကုန်သွယ်ရေးလမ်းကြောင်းပိတ်နေတဲ့အတွက် လမ်းကြောင်းပြန်ပွင့်ဖို့ဆိုတဲ့ ရည် ရွယ်ချက်တစ်ခုတည်းနဲ့လာတာ။ အဲဒီလမ်းဖွင့်ပြီးရင် ပြီးပြီဆိုပြီးတော့ အဲလိုပြောပြီးတော့ ခေါ်ချလာ တာ။ မင်းတို့ မနေချင်လို့ ပြေးလည်း မိသွားရင်မင်းတို့သေမှာပဲ။ တစ်နေရာမဟုတ် တစ်နေရာတော့ မင်း တို့မိမှာပဲ၊ မိသွားတာနဲ့မင်းတို့အသတ်ခံရမှာပဲ၊ အဲလိုပြောထားတယ်။ ကျနော်တို့စထွက်လာတုန်းက အင်အား ၂၆၀ ၊ ဒါပေမယ့်အဲဒီအင်အား ၂၆၀ အပြည့်မပါဘူး။ ကျတဲ့သူရော၊ ဒဏ်ရာရတဲ့ သူ ရောဆိုရင် အနည်းဆုံးတပ်ရင်း ၁ ရင်းစာလောက်ရှိမယ်၊ တပ်ရင်း ၁ ရင်းစာဆိုတော့ ပထမ ၂၁ ယောက် ကျတာနဲ့ နောက်ပိုင်းဒဏ်ရာရတာနဲ့ဆိုရင် ၁၀၀ ကျော်လောက်တော့ရှိမယ်။” ဟု တပ်သား ချစ်ထွေးက ပြောကြားသည်။
မြ၀တီမြို့ကို ပြန်လည် သိမ်းပိုက်မည်ဟု ကြွေးကြော်ခဲ့သော အောင်ဇေယျစစ်ဆင်ရေးအတွင်း အထက်လူကြီးများ၏ မတရားဖိနှိပ်အနိုင်ကျင့်ခံရမှုများရှိပြီး အောက်ခြေ စစ်သည်များမှာ မလုပ် ချင်သော်လည်း လုပ်နေရကြောင်း၊ ထိုသို့ လုပ်ဆောင်ရမှုကြောင့် ထိခိုက်သေဆုံးမှုများရှိပြီး စိတ် ဓာတ်ပျက်ယွင်းနေကြောင်း၎င်းက ဆက်လက်ပြောကြားသည်။
“ကိုယ်မလုပ်နိုင်တဲ့အရာကြီးကို အတင်းဇွတ်လုပ်ခိုင်းတာ၊ ဘယ်သူမှ မလုပ်ချင်ဘူး၊ အကုန်လုံးက အမိန့်ကြောင့်လုပ်နေရတာပဲရှိတယ်။ စိတ်မပါဘူး။ တိုက်ပွဲဖြစ်တဲ့အချိန်မှာ ဖိအားပေး မှုတွေကြောင့် မလုပ်ချင်လည်း လုပ်၊ မသွားချင်လည်း သွား၊ အဲလိုမျိုးတွေနဲ့ မဖြစ်သင့်တာတွေ ဖြစ်ပြီး တော့ ကျ သွား တာတွေရှိတယ်။ အပေါ်က လူကြီးတွေကြောင့်ပေါ့၊ စာနာစိတ်မရှိဘူး။ သူတို့ဖြစ်ချင်တာ၊ သူတို့ ရာထူးတိုးဖို့ အဲဒီအရာတွေလောက်ပဲကြည့်တယ်၊ ကျန်တဲ့အစိတ်အပိုင်း တွေမကြည့်ဘူး။ စစ်တပ် ကအတော်လေးကို ပျက်ပြားနေပြီ။ ဘယ်လိုမှလည်းရေရှည်ရပ်တည်လို့ရမှာမဟုတ်ဘူး။ ရပ်တည် လို့တော့ရမယ်၊ ရေရှည်တော့မဖြစ်နိုင်တော့ဘူး။ မနေချင်တဲ့သူတွေများလာတဲ့အချိန်မှာ ပြေးတာမျိုး၊ စိတ်ဓာတ်ကျတာမျိုးတွေက ထိခိုက်ကျဆုံးများလာတဲ့အချိန်ကျရင် သူတို့အတွက် ဆက်ပြီးတော့ ထောက်ခံတာမျိုးမဖြစ်နိုင်တော့ဘူး။”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
စစ်ကောင်စီ၏ အောင်ဇေယျာစစ်ဆင်ရေးမှာ မြ၀တီမြို့နှင့် သင်္ဃန်းညီနောင်ကို ပြန်လည် သိမ်းပိုက်ရန်ဖြစ်သော်လည်း လပေါင်းများစွာ ကြာမြင့်သော်လည်း ဒေါနတောင်တန်းကို မကျော်နိုင်ဘဲ ရပ်တန့်လျက်ရှိကြောင်း သိရှိရသည်။