ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လက်ခတ်တောင်နှင့်သင်္ဃန်းညီနောင်ကို စစ်ကောင်စီတပ်က ယနေ့ နံနက်အစော ပိုင်း တိုက်လေယာဉ်များဖြင့် ဗုံးကျဲပြီး အတွဲလိုက်ဒုံးများဖြင့်ပစ်ခတ်နေကြောင်း မြ၀တီမြို့မှ ပြည်သူများနှင့် PDF စစ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။
မတ်လ ၁၁ ရက်နေ့ နံနက် ၀၀ နာရီ ၅၀ မိနစ်အချိန်၊ နံနက် ၁ နာရီ ၁၀ မိနစ်အချိန်နှင့် နံနက် ၁ နာရီ ၅၀ မိနစ်အချိန် တို့တွင် တိုက်လေယာဉ်များဖြင့် မြ၀တီမြို့နယ်၊ လက်ခတ်တောင်နှင့် သင်္ဃန်းညီနောင် ပတ်ဝန်းကျင်သို့ တိုက် လေယာဉ်များဖြင့် ဗုံး ၁၂ လုံးထက်မနည်း ကျဲချခဲ့ကြောင်း၊ ဗုံးပေါက်ကွဲမှုသည် အသံအလွန်ကျယ်လောင်ပြီး မြ၀တီမြို့တွင် ပင် တုန်ခါ သွားကြောင်း ဒေသပြည်သူများက ဆိုကြသည်။
“ဒီမနက် ၁၂ နာရီ ၅၀ မိနစ်မှာ တိုက်လေယာဉ်တွေနဲ့ ဗုံးတွေကျဲတယ်။ ပထမအကြိမ် ၆ လုံးကျဲတယ်။ မြဝတီ မြို့ တမြို့လုံး တုန် ပေါင် ၅၀၀ ဗုံးတွေထင်ပါတယ်။ တစ်ပြိုင်တည်းကွဲတာ။ နောက်တစ်ကြိမ် ၆ လုံးထပ်ကျဲတယ်။ပေါက်ကွဲသံလာတာက မဲကနယ်၊ သင်္ဃန်းညီနောင် နဲ့ လက်ခတ်တောင်ဘက်က လာပါတယ်။ နံနက် ၁ နာရီ ၅၀ မိနစ်မှာ တတိယအကြိမ် လေယာဉ်နဲ့ ဗုံးလာကျဲတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။
ထို့ပြင် မြ၀တီမြို့နယ်၊ ခလရ ၂၇၅ တပ်ကလည်း အတွဲလိုက်ဒုံးများ၊ လက်နက်ကြီးများဖြင့် သင်္ဃန်းညီနောင်နှင့် လက်ခတ်တောင်သို့ ပစ်ခတ်ခဲ့ကြောင်း ၊ ပေါက်ကွဲသံများ ယနေ့ နံနက်အစောပိုင်းကာလတစ်လျှောက် လုံးကြားနေရကြောင်း သိရှိရသည်။
“နံနက် ၁ နာရီ ၅၆ မိနစ်မှာ မြ၀တီ ခလရ ၂၇၅တပ်ရင်းက လက်နက်ကြီးတွေ စပစ်ပါတယ်။ သင်္ဃန်းညီနောင်နဲ့ လက်ခတ်တောင်ဘက်ကို ပစ်တာ” ဟု PDF သတင်းရင်းမြစ်က ပြောဆိုသည်။
ထို့ပြင် မတ်လ ၉ ရက်နေ့ ညနေပိုင်းမှစတင်ပြီး သင်္ဃန်းညီနောင်မြို့သစ်နှင့် ရဲစခန်းကိုလည်း စစ်ကောင်စီတပ်များက လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်သဖြင့် မီးလောင် ပြာကျမှုများ ဆက်တိုက်ဖြစ်ပေါ်နေကြောင်း သိရှိရသည်။
မြ၀တီမြို့တွင်မူ စနေ၊ တနင်္ဂနွေ ၂ ရက်လုံး စျေးဆိုင်များ၊ မြို့မစျေးကြီး၊ ကုန်စုံဆိုင်များ ပါ ပိတ်ထားကြကြောင်း၊ မြဝတီ မြို့တွင်းသို့ စစ်ရှောင် ပြည်သူတချို့ ဝင်ရောက်လာကြောင်း၊ တိုက်ပွဲဧရိယာသည် ခြေတော်ရာတောင်၊ ပေါ်လော သံပရာတောင်၊ ဝေ့ရှမ်းကျေးရွာများဘက်အထိ ကျယ်ပြန့်လာကြောင်း ဒေသပြည်သူများက ဆိုကြသည်။