လက်ရှိမိုးကာလဝင်လာတဲ့အချိန်မှာ စစ်ကောင်စီကိုတော်လှန်နေတဲ့ မွန်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ စစ်ဘေးတိမ်ရှောင်နေတဲ့ပြည်သူတွေမှာ ဌက်ဖျားရောဂါအန္တရယ်ရှိတယ်လို့သိရပါတယ်။
“ကျွန်တော်တို့ မြန်မာပြည်တောင်ပိုင်းမှာပေါ့ ဌက်ဖျားတွေကူးစက်လာတာတွေ့ရတယ်။ ရဲဘော်တွေကြားရော နောက် ဒီဒေသမှာထွက်ပြေးတိမ်းရှောင်နေရတဲ့ ပြည်သူတွေကြားထဲမှာပါ တဖြည်းဖြည်းနဲ့တိုးပွားလာတာ ရှိပါတယ်” လို့ မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC အုပ်ချုပ်ရေးကော်မတီ ဥက္ကဌ နိုင်မွန်စန်းကပြောပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ရဲ့ ကျန်းမာရေးဌာနအနေနဲ့ ဆေးဝါးရှာဖွေမှုနဲ့ မြေပြင်မှာရှိတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ကူညီစောင့်ရှောက်မှုတွေ လုပ်ဆောင်နေတယ်လို့ နိုင်မွန်စန်းကပြောပါတယ်။
လက်ရှိအခြေအနေမှာ မွန်တော်လှန်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ ရေး/ထားဝယ်လမ်းပိုင်းမှာ စစ်ကောင်စီရဲ့ ပြန်လည်ထိုးစစ်ဆင်ဖို့ ကြိုးစားနေတာတွေရှိလို့ အများပြည်သူတွေလမ်းပိုင်းအသုံးမပြုဖို့ မွန်တော်လှန်ရေးအဖွဲ့တွေက အသိပေးချက်ထုတ်ပြန်ထားပါတယ်။
“စကစဘက်ကထိုးစစ်တွေရှိလာတယ် စစ်ကြောင်းတွေနဲ့ ဒီထိုးဖောက်လာတာတွေရတယ် ဒါ့ကြောင့်လဲပဲ ထပ်ပြီးတော့ပြည်သူလူထုတွေ မလိုလားပဲ မလိုအပ်ပဲ နဲ့ ဒီလမ်းကိုအသုံးမပြုဖို့ ကျွန်တော်တို့တောင်းဆိုထားတာရှိပါတယ်” လို့ နိုင်မွန်စန်းကပြောပါတယ်။
ရေး/ထားဝယ်လမ်းကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်ဖို့အတွက် အရပ်သားပြည်သူတွေကို အသုံးပြုခြင်း၊ အရပ်သားအသွင်ယူကာ စစ်အင်အားဖြည့်တင်းမှုတို့ကို ပြုလုပ်နေတဲ့အတွက် ပြည်သူများထိခိုက်မှုမရှိစေဖို့နဲ့ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ စစ်ဆင်ရေးဖော်ဆောင်မှုလွယ်ကူစေရန် ပြည်သူတွေကိုအသိပေး ပန်ကြားတယ်လို့ မွန်ပြည်တော်လှန်ရေးတပ် MSRFက ထုတ်ပြန်ထားပါတယ်။