မော်လမြိုင် − ရေး − ထားဝယ် လမ်းပိုင်းမှာ စစ်သုံးပစ္စည်းတွေကို ဖမ်းဆီးရမိပြီးနောက် အဲဒီလမ်းပိုင်းမှာ စစ်ကောင်စီနဲ့ဆက်နွယ်ပစ္စည်းတွေကိုမတင်ဆောင်ကြဖို့ NUG ရဲ့အမှတ် (၃) စစ်ဒေသခွဲ၊တောင်ပိုင်းတိုင်း က ဒီနေ့မှာ အသိပေးလိုက်ပါတယ်။
မနေ့မနက်ပိုင်းက မွန်ပြည်နယ် ၊ ရေးမြို့နယ် ၊ကနင်ကမော့နဲ့ အောင်သာယာရွာကြား ပရယ်သားနေရာမှာ KNU နဲ့ PDF ပူးပေါင်းတပ်ဖွဲ့ဟာ မော်လမြိုင် − ရေး − ထားဝယ် လမ်းပိုင်း မှာသွားလာနေတဲ့ ကားတွေကို စစ်ဆေးခဲ့ပါတယ်။
အဲဒီလို စစ်ဆေးရာမှာ တနင်္သာရီတိုင်းအခြေစိုက် စစ်ကောင်စီ ခမရ ၄၀၆ တပ်ရင်းရဲ့ တပ်ပြောင်းပစ္စည်းတွေ သယ်ဆောင်လာတဲ့ ထရပ်ကားတစ်စီးကို စစ်ဆေး ဖမ်းမိတယ်လို့ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း ကဆိုပါတယ်။
ကားပေါ်ကနေ စစ်ယူနီဖောင်းတွေ ၊ ဆိုင်ကယ် ၂စီး နဲ့အိမ်သုံးပစ္စည်းတွေ သိမ်းဆည်းရမိတယ်လည်း သိရပါတယ်။
ပစ္စည်းတွေကို သိမ်းဆည်းပြီး ယာဉ်မောင်းနဲ့ ယာဉ်နောက်လိုက်ကို စစ်ဆေးကာ ပြန်လွှတ်ပေးလိုက်တယ်လို့ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း ကဆိုပါတယ်။
တနင်္သာရီတိုင်းနဲ့မွန်ပြည်နယ်ကိုဆက်သွယ်ထားတဲ့ မော်လမြိုင် − ရေး − ထားဝယ် − မြိတ် လမ်းမှာ သွားလာနေတဲ့ ကားတွေအနေနဲ့ စစ်ကောင်စီတပ်နဲ့ဆက်နွယ်ပစ္စည်းတွေကို မတင်ကြဖို့ အမှတ် ၃ စစ်ဒေသခွဲ၊ တောင်ပိုင်းတိုင်း က ထပ်မံတိုက်တွန်းထားပါတယ်။