မွန်ပြည်တော်လှန်ရေးတပ်(MSRF)အနေဖြင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC)၏ နိုင်ငံရေး စစ်ရေးဦးဆောင်မှုခံယူပြီး စစ်ကောင်စီတပ်ကို တိုက်ခိုက်သွားမည်ဖြစ်ကြောင်း MSRFနှင့် MSFC၏ ပူးတွဲကြေညာချက်ကို ယနေ့ ထုတ်ပြန်လိုက်သည်။
မွန်ပြည်သူလုထုအား ညှင်းပန်းနှိပ်စက်နေသည့် စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းရန် တော်လှန်ရေးအင်အားစုသည် အရေးကြီးလှသောကြောင့် MSRFနှင့် MSFCနှစ်ဖက်ခေါင်းဆောင်တို့ အကြေအလည် ဆွေးနွေးခဲ့ပြီး ထိုသို့ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။
မွန်ပြည်တော်လှန်ရေးတပ်(MSRF)သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုခံယူပြီး မွန်ပြည်တပ် (သို့) မွန်ပြည်နယ် တပ်အဖြစ် ရပ်တည်သွားမည်ဟု အသိပေးသည်။
MSRFသည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏ နိုင်ငံရေး၊ စစ်ရေးဦးဆောင်မှုဖြင့် စစ်ကောင်စီကို တိုက်ခိုက် ချေမှုန်းသွားမည်ဖြစ်ပြီး စစ်ရေးဆိုင်ရာလိုအပ်ချက်များကို MSFCမှ တာဝန်ယူဖြည့်ဆည်းသွားမည်ဟု ဆိုသည်။
MSRFနှင့် MSFCတို့သည် ရည်မှန်းချက်ပန်းတိုင်ရောက်သည့်အထိ အတူလက်တွဲကာ အကြမ်းဖက်စစ်ကောင်စီကို အမြစ်ဖြတ်ချေမှုန်းပြီး ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြသည်။
ထို့ကြောင့် ယနေ့ (ဒီဇင်ဘာ ၁၅ရက်)မှစ၍ မွန်ပြည်တော်လှန်ရေးတပ် (MSRF) သည် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) ၏တပ်အဖြစ် ရပ်တည်ပြီး ပြည်သူလူထုအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း အသိပေးကြေညာခဲ့သည်။