မနက်ဖန် ဇွန်(၁၉)ရက်မှာ ကျရောက်မယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့အကြိုအဖြစ် မွေးနေ့ရှင်နဲ့ ဒီမိုကရေစီးအရေးအတွက် တိုက်ပွဲဝင်နေသူတွေကို ဂုဏ်ပြုသောအားဖြင့် မန္တလေးမြို့အနှံ့ စစ်အုပ်စုက ဖမ်းဆီးငွေညှစ် သောင်းကျန်းနေတဲ့ ကြားက မန္တလေးသပိတ်အင်အားစုက ဦးဆောင်ကာ ဒီနေ့ ဇွန်(၁၈)ရက် မနက်ပိုင်း မန္တလေးကျုံးဘေးနဲ့ နေရာတချို့မှာ Freedom From Fear (ကြောက်ရွံ့စိတ်ကင်း) လှုပ်ရှားမှု ပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။
“ယခုလာမယ့် ဇွန်(၁၉)ရက်မှာ မွေးနေ့ရှင် ဒေါ်အောင်ဆန်းစုကြည် နှင့်တကွ အဓမ္မ ဖမ်းဆီးခံထားရတဲ့ သောင်းနဲ့ချီတဲ့ ရဟန်းရှင်လူ ကျောင်းသားပြည်သူ နိုင်ငံရေး အကျဥ်းသားများကို ဂုဏ်ပြုလေးစား၊ အောက်မေ့သော အားဖြင့်လည်းကောင်း၊ တော်လှန်ရေး သမိုင်းအဆက်ဆက် ကျရာကဏ္ဍ ကနေ တာဝန်ကျေပွန်စွာ ထမ်းရွက်နေကြတဲ့ အမျိုးသမီးထုရဲ့ ဂုဏ်ရည်ကို ဖော်ညွှန်းသော အားဖြင့်လည်းကောင်း အကျယ်ထောင်မှ ပြည်သူများကိုယ်စား မန္တလေးသပိတ်အင်အားစုမှ အင်္ကျီအပြာ ဝတ်ဆင်ပြီး ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်းများထဲမှ တစ်ခုဖြစ်သော Freedom From Fear အား ဝတ်ဆင်လျက် ဒေါ်အောင်ဆန်းစုကြည် (၇၈)နှစ်ပြည့် မွေးနေ့ အမှတ်တရ အနေဖြင့် ဖက်ဆစ်စစ်တပ်အား ဆန့်ကျင် ဆန္ဒပြခဲ့ပါသည်” လို့ မန္တလေး သပိတ်အင်အားစုက ဖော်ပြပါတယ်။
လက်ရှိမှာ စစ်အုပ်စုက မန္တလေးမြို့အနှံ့ နေ့ည အချိန်မရွေး အကြောင်းအမျိုးမျိုးနဲ့ ပြည်သူကို ထင်တိုင်းကျဲ ဖမ်းဆီး ငွေညှစ်နေပါတယ်။