စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကံကုန်းကျေးရွာက မှိုရှာထွက်တဲ့ ဒေသခံရွာသားတယောက်ကို စစ်ကောင်စီတပ်က စက်တင်ဘာ ၄ ရက် မနက် ၁၀ နာရီခွဲမှာ ပစ်ခတ် သတ်ဖြတ်ခဲ့တယ်လို့ ရွာသားတွေထံက သိရပါတယ်။
ပစ်ခတ် သတ်ဖြတ်တဲ့ စစ်ကောင်စီတပ်ဟာ ကံကုန်းကျေးရွာအနီးက အက်စစ်စက်ရုံမှာ အထိုင်ချ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကံကုန်းရွာသားတဦးက “အခုပစ်သတ်ခံရတဲ့ ကလေးက ကျနော်တို့ ကံကုန်းရွာကပါ။ အမည်ကတော့ အရပ်ခေါ်တာကတော့ ဂေါက်သီးလို့ ခေါ်ကြတာဗျ။ အမည်အရင်းကတော့ မသိဘူး။ အသက်က ၃၀ လောက်ရှိပြီ။ အဲဒီကလေးက ဘာနိုင်ငံရေးမှနားမလည်ဘူး။ သူ့ဟာသူ မှိုရှာ၊ ပျားရှာ၊ တောကောင် ထောင်ဖမ်းတဲ့ ဝါသနာရှိတဲ့ ကလေးဆိုတော့ သူတို့ အက်စစ်စက်ရုံအနီးသွားပြီး မှိုရှာတော့ ဖမ်းပြီး ပစ်သတ်ကြတာပါ။ ပစ်သတ်တာလည်း အတော်ရက်စက်တယ်။ ဝမ်းဗိုက် ၂ ချက်၊ ရင်အုံတချက်၊ လက်နှစ်ဖက်ကို တချက်စီ အနီးကပ် ပစ်ခတ်သတ်ထားခဲ့ကြတာဗျ” လို့ ပြောပါတယ်။
စစ်ကောင်စီတပ်က တရုတ်ကုမ္ပဏီ လုပ်ကိုင်နေတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်း၊ စံပါယ်တောင် ကြေးနီစီမံကိန်းနဲ့ အက်စစ်စက်ရုံ စတဲ့နေရာတွေကို ကာကွယ်ဖို့ စစ်အင်အား အလုံးအရင်းချထားတာဖြစ်ပြီး ကံကုန်းရွာကလည်း အဆိုပါစီမံကိန်းတွေနဲ့ အနီးဆုံးမှာရှိတဲ့ ကျေးရွာတရွာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။