မြစ်ကြီးနားမြို၊ စီတာပူရပ်ကွက်ရှိ ကချင်အမျိုးသားဥယာဉ် မနောင်ကွင်းအတွင်း စစ်ကောင်စီထောက်ခံသူများ ဆန္ဒထုတ်ဖော်မှုကို မြန်မာနိုင်ငံ ကချင်လူမျိုးရိုးရာယဉ်ကျေးမှုအသင်းက ကန့်ကွက်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် စစ်ကောင်စီထောက်ခံသူလူတစ်စုသည် နိုဝင်ဘာလ ၉ ရက်နေ့မွန်းလွဲက မနောင်ကွင်းအတွင်း၌ “KIA၊ KIO အလိုမရှိ” ဆိုသည့် စာတန်းများကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြောင်း၊ ထိုဆန္ဒပြသူများကို မေးမြန်းနေစဉ် ထွက်ပြေးသွားကြောင်း ရေးသားထားသည်။
တာဝန်ရှိသူများအနေဖြင့် ခွင့်ပြုထားခြင်းမရှိဘဲ လုပ်ဆောင်မှုမျိုးကို ကချင်တစ်မျိုးသားလုံးက ကန့်ကွက်ပါကြောင်း ပါရှိသည်။
နောက်နောင်တွင် ယင်းဖြစ်ရပ်နှင့် အလားတူဖြစ်စဉ်များ ကျူးလွန်လာပါက တည်ဆဲဥပဒေများအရ အရေးယူသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
စစ်ကောင်းစီထောက်ခံသူများသည် ယခုရက်ပိုင်းအတွင်း မြစ်ကြီးနားမြို့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးတွင်လည်းကောင်း၊ ဧရာဝတီ ရာတနာပုံ တံတား၌ သော်လည်းကောင်း KIO/KIA အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။
စစ်ကောင်စီပြန်ကြားရေးခေါင်းဆောင် ဗိုလ်ချုပ်ဇော်မင်းထွန်းကလည်း KIA ကို ထောက်ခံသည့် ဗမာများကို အံ့ဩသည်ဟု သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့ဖူးသည်။