စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃/၄/၅/၆ တို့က ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) ရဲ့ ဦးဆောင်မှုနောက်ကို မလိုက်ပါလိုတော့တဲ့အတွက် ဗိုလ်နဂါးဦးဆောင်ဝယ်ယူ ခဲ့တဲ့ လက်နက်ခဲယမ်းတွေ၊ စစ်သုံးပစ္စည်းတွေ အားလုံးကို ဗိုလ်နဂါးထံကို ပြန်အပ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ ဆက်လက်ရပ်တည်မယ် လို့ ဒီနေ့ရက်စွဲနဲ့ ထုတ်ပြန်လိုက်ပါတယ်။
“ယနေ့အချိန်မှစပြီး ယင်းမာပင်ခရိုင် အမှတ် ၃ ၊ ၄ ၊ ၅ ၊ ၆ တပ်ရင်းများသည် မြန်မာ့တော်ဝင်နဂါးတပ်တော် (MRDA) သို့မဟုတ် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) နှင့် လုံးဝမသက်ဆိုင်တော့ဘဲ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကွပ်ကွဲမှုအောက်တွင်သာ ဆက်လက်ရပ်တည် သွားမည်ဖြစ်ကြောင်း” လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ထုတ်ပြန်ချက်ကို အမှတ် ၃ တပ်ရင်းမှူး ၊ အမှတ် ၄ တပ်ရင်းမှူး ၊ အမှတ် ၅ တပ်ရင်းမှူး နဲ့ အမှတ် ၆ တပ်ရင်းမှူးတို့က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့တာပါ။
ကာကွယ်ရေးဝန်ကြီးဌာနကအနေနဲ့လည်း ယင်းမာပင်ခရိုင် အမှတ် ၃ ၊ ၄ ၊ ၅ ၊ ၆ တပ်ရင်းတွေကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် တပ်ရင်များအဖြစ် အသိအမှတ်ပြုတယ်ဆိုပြီး တော့ ဩဂုတ် ၂၂ ရက်မှာ အကြောင်းပြန်ထားတယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အဆိုပါ ယင်းမာပင်ခရိုင် အမှတ် ၃ ၊ ၄ ၊ ၅ ၊ ၆ တပ်ရင်းတွေက ကာကွယ်ရေးဝန်ကြီးဌာနရဲ့ COC လက်အောက်မှာရှိခဲ့သလို ဗိုလ်နဂါး ဦးဆောင်တဲ့ မြန်မာ့တော်ဝင် နဂါးတပ်တော် (MRDA) မှာလည်း တပ်ရင်းအမှတ် ၁ ၊ ၂ ၊ ၃ ၊ ၄ တပ်ရင်းတွေအဖြစ်နဲ့ အကြမ်းဖက်စစ်တပ်ကို တိုက်ပွဲဝင်ခဲ့ကြတာပါ။