စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် သစ်ခိုးထုတ်နေသော စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်ပြီး ထိခိုက်သေဆုံးမှုရှိပြီး သေနတ်တစ်လက်နှင့် စစ်အသုံးအဆောင်အချို့ သိမ်းဆည်းနိုင်ခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
ယမန်နေ့(သြဂုတ်၂၉ ရက်) နံနက် ၁၀ နာရီ ၁၅မိနစ်ခန့်က ယင်းမာပင်မြို့နယ်၊ စည်သူသစ်ကွင်းမှ သစ်များ ခိုးထုတ်နေသော ၃၅ယောက်ပါ စစ်ကောင်စီတပ်၏ ရှေ့ပြေးကင်းထောက်အဖွဲ့နှင့် ၁၅ မိနစ်ခန့် ထိတွေ့ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း ULF မဟာမိတ်တပ်ပေါင်းစုမှ ကိုဂျော်ဒန်က ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်သည် သစ်ကွင်းအနီးရှိ ပြည်သူများ၏ နေအိမ်များမှ ပစ္စည်းများကိုပါ ဝင်ရောက်ခိုးယူနေသည်ဟု သတင်းရ၍ အလစ်အငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ဆိုသည်။
တိုက်ပွဲကြာချိန် ၁၅မိနစ်ခန့်အတွင်း စစ်ကောင်စီတပ်ဘက်က ခုနစ်ဦးသေဆုံးကာ ခုနစ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ULF တပ်ပေါင်းစုက ပြောသည်။
“သူတို့က ကျတဲ့သူရော၊ ဒဏ်ရာရသူတွေရော တွဲထုတ်ပြီး ပစ်ဆုတ်ဆုတ်တာ။ ပြီးကျ ကျောက်စစ်ပုံအမြောက်တပ်ကနေ လက်နက်ကြီးပစ်ကူပေးပြီး ဆုတ်သွားတာ။”ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် ချိုမိုင်မိုင်တော်လှန်ရေးအင်အားစုမှ ရဲဘော်မောင်တူးက ပြောသည်။
တော်လှန်ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ပြန်ဆုတ်ခဲ့ပြီး MA 11 တစ်လက်၊ ကျည်ဘောက် ၃ခု၊ ကျည်ကာ သုံးခု၊ ဖုန်း သုံးလုံး၊ ဘေးလွယ်အိတ် တစ်လုံး၊ ပိုက်ဆံလက်ကိုင်အိတ် တစ်အိတ် ကျပ်ငွေ တစ်သိန်းသုံးသောင်းငါးရာကျပ်၊ ဘတ်ငွေ ၅၀နှင့် ရွှေထည်ပစ္စည်း အနည်းငယ်သိမ်းဆည်းရမိခဲ့ကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။
“ရက်ဆိုင်ပစ်ရင်း သူတို့ဘက်ကကျတာ။ လက်နက်နဲ့ကျည်တွေကိုတော့ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်စဥ်မှာ သိမ်းဆည်းရမိခဲ့တာပါ။”ဟု ULF တပ်ပေါင်းစု၏ တာဝန်ရှိသူ ကိုဂျော်ဒန်က ပြောသည်။
စစ်ကောင်စီတပ်က ကျောက်မှော်၊ပန်းတိမ်ပြင်၊သံပုရာပင်ရိုး၊အင်းဖျား စသည့်ကျေးရွာများအား မီးရှို့ဖျက်စီးသွားပြီး နေအိမ် အရေအတွက်မှာမသိရသေးကြောင်း ဒေသခံများက ပြောသည်။
စစ်ဆင်ရေးကို ULF(တပ်ပေါင်းစု) မှ စစ်ကြောင်းမှူး ကိုနိုင်မင်းက ဦးဆောင်ပြီး Comrade စစ်ကြောင်း၊ KLG စစ်ကြောင်း ၊Alpha စစ်ကြောင်း၊ B 21 PDF(တပ်ရင်း ၁၇)၊ PDA (တပ်ရင်း ၃၅)၊ ဗိုလ်နှုတ်ခမ်းမွှေးတပ်ဖွဲ့၊ ချင်းတွင်း GZ နှင့် သေမင်းတမန် LPDFတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။
အဆိုပါ စစ်ကောင်စီတပ်သည် သြဂုတ် ၂၈ရက် ကလည်း ယင်းမာပင်မြို့နယ်၊ သံဘိုကျေးရွာရှိ ကွမ်းရွက်ခူးနေသည့် ဒေသခံအမျိုးသမီးတစ်ဦးကို အကြောင်းမဲ့ ပစ်သတ်သွားကြောင်း ဒေသခံများက ပြောသည်။