စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ သဲကုန်းကျေးရွာမှအရပ်သား ခြောက်ဦး သတ်ဖြတ်သွားသည့် စစ်ကောင်စီတပ်က ယနေ့တွင် အရပ်သားတစ်ဦးကို ထပ်မံသတ်ဖြတ်သွားကြောင်း ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတာဝန်ရှိသူတစ်ဦးကပြောသည်။
” ဟိုတနေ့က အရပ်သားခြောက်ယောက်ကို သတ်သွားတဲ့ စစ်ကြောင်းက ဒီနေ့တစ်ယောက်ကို သေနတ်နဲ့ပစ်သတ်သွားပြန်ပြီ။လဘို့ရွာမှာ သတ်သွားတာ”ဟု ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
စစ်ကောင်စီတပ်သည် အောက်တိုဘာ ၁၅ရက်နံနက်က သဲကုန်းကျေးရွာဝင်ရောက်စဉ် ဒေသခံများထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။ ညနေပိုင်းတွင် ပြန်လည်ထွက်ခွာသွား၍ ဒေသခံအချို့က ရွာသို့ ပြန်လာစဉ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီ နောက်ချန်စစ်ကြောင်းက ဖမ်းဆီးသတ်ဖြတ်ခြင်းဟု သိရသည်။
အောက်တိုဘာ ၁၅ရက်က သတ်ဖြတ်မှုတွင် သဲကုန်းရွာမှ ကိုမောင်လင်း၊ ကိုဇော်သူ၊ ကိုဇော်မောင်၊ ကိုသန်းထိုက်အောင်၊ ကိုခန့်နေနိုင်နှင့် ကိုသန့်ဇင်ဦးတို့ သေဆုံးခဲ့သည်။
အဆိုပါ စစ်ကြောင်းသည် ယင်းမာပင်မြို့နယ် လဘို့ရွာသို့ရောက်ရှိနေစဉ် ယနေ့(အောက်တိုဘာ ၁၈ရက်) နံနက်တွင် ဒေသခံအမျိုးသားတစ်ဦးအား သေနတ်ဖြင့်ထပ်မံ ပစ်သတ်သွားခြင်းဟု သိရသည်။
အဆိုပါ စစ်ကောင်စီစစ်ကြောင်း၌ အင်အား ၂၀၀ခန့်ပါဝင်ပြီး ကျားဘီလူးစစ်ကြောင်းဟု ကြွေးကြော်ကာ အရပ်သားများကို သတ်ဖြတ်နေခြင်းဟု ဒေသခံများက ပြောသည်။
ထိုစစ်ကြောင်းကို ဒေသကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်နေရာ အောက်တိုဘာ ၁၅ရက်က ဖြစ်ပွားသော တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၁၅ဦးထက်မနည်း ဒဏ်ရာအပြင်းအထန်ရသွားကြောင်း ယင်းမာပင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သတင်းရရှိသည်။ ယင်းစစ်ကြောင်းသည် ယနေ့ညတွင် ယင်းမာပင်မြို့နယ် ပေါက်ပန်းဖြူရွာနှင့်ကုန်းရွာ၌ တပ်စွဲထားကြောင်း သတင်းရရှိသည်။