စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် သံဘိုကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်၍ အမျိုးသမီးသုံးဦး ထိမှန်သေဆုံးခဲ့သည်။
ယနေ့(ဒီဇင်ဘာ ၅ရက်)ညနေ ၃နာရီခွဲခန့်က စစ်ကောင်စီတပ် ပစ်သည့်လက်နက်ကြီးကျည် သံဘိုကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။
” အောင်ဇေယျကုန်းကနေပစ်တာ။ ဘာတိုက်ပွဲမှ မရှိဘဲ ပစ်တာ။ ဒေသခံသုံးဦးတောင် သေဆုံးတယ်ဗျာ”ဟု ဒေသခံတစ်ဦးကပြောသည်။
သေဆုံးသူအမျိုးသမီးသုံးဦးသည် နေအိမ်တစ်အိမ်အတွင်း အတူရှိနေစဉ် လက်နက်ကြီး ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။ ခန္တာကိုယ်အနှံ့ ဒဏ်ရာများ အပြင်းအထန်ရရှိခဲ့ပြီး သေဆုံးခြင်းဖြစ်သည်။ သုံးဦးစလုံးအား ယနေ့ ညနေတွင် မီးရှို့သဂြိုလ်လိုက်ကြသည်။
ယခုရက်ပိုင်း၌ စစ်ကောင်စီတပ်၏ လက်နက်ကြီးနှင့်လေကြောင်းကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကရင်နီပြည်နယ်၊ ကရင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့မှ အရပ်သားပြည်သူ ၃၀ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံများက ပြောသည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှ အခု ၂၀၂၃ နိုဝင်ဘာ ၂၆ ရက်အထိ စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် အမျိုးသမီး ၆၆၄ ဦး သေဆုံးခဲ့ပြီး ၂,၄၄၁ ဦး ဖမ်းဆီးခံထားရကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂက ယမန်နေ့(ဒီဇင်ဘာ ၄ရက်)တွင် ထုတ်ပြန်ထားသည်။