စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ်တွင် ဒေသခံ စစ်ဘေးရှောင် ၁၅၀၀၀ ကျော် စားနပ်ရိက္ခာနှင့် ဆေး၀ါးများလိုအပ်နေကြောင်း သတင်းရရှိသည်။
အဆိုပါ ယင်းမာပင်မြို့နယ် စစ်ဘေးရှောင်နေကြရသည့် ကျေးရွာ များမှာ စေသူ ၊ သံဘို ၊ အင်းပက် ၊ ပတိမ်မြင် ၊ ကျောက်မှော် ၊ စုန်းချောင်း ၊ ကျွန်းပေါ် ၊ နှောပင် ၊ ကျောက်ကုန်း နှင့် ကြက်လျာကျေးရွာတို့ ဖြစ်ကြသည်။
ထို့နောက် ကနီမြို့နယ်တွင်လည်း ကျွန်းကလေးရွာ ၊ ယင်းဘိုး ၊ နွားခြံကုန်း ၊ နတ်တောင် ၊ နတ်မြောက် ၊ ဒေါင်းခြံ ၊ အုန်းပင်ဆိပ် စသည့် ကျေးရွာ ခုနှစ်ရွာတို့မှာလည်း စစ်ရှောင်နေရကြောင်း ဒေသခံများကပြောသည်။
“စစ်ရှောင်တွေက တဖြေးဖြေးတိုးလာတာ လျှော့သွားတာမရှိဘူး။ မိုးရွာလိုက်နေပူလိုက်နဲ့ စစ်ကောင်စီ စစ်ကြောင်းက ဘယ်သွားမှာလဲ မသိတာကြောင့် စစ်ရှောင်တွေ အနေနဲ့ ရွှေ့ရ ပြောင်းရတာတော့ ခက်ခဲတယ်။ ကုန်သွယ်ရေး လမ်းကြောင်းတွေ ပိတ်ခံထားရတော့ စားနပ်ရိက္ခာတွေ ၀ယ်မရတာ ကြုံနေရတယ် ။ ဖျားနာသူများတယ် ဆေးက၀ယ်မရဘူး”ဟု ကနီမြို့နယ် စစ်ဘေးရှောင်များကိုကူညီနေသူ ကိုပြည်အောင်နိုင် က ပြောသည်။
ထို့ပြင် ကနီနယ်တွင် အသုံးပြုရန်၀ယ်ယူစုဆောင်းထားသည့် ဆေး၀ါးများနဲ့ စားနပ်ရိက္ခာများကို ဘုတလင်တွင်သိမ်းထားစဥ် စစ်ကောင်စီစစ်ကြောင်းမှမီးရှို့သွား ခဲ့သည့်အပြင် ၅ ကြိမ်မြောက်အထိ ဆေး၀ါးနဲ့ စားနပ်ရိက္ခာများကို စစ်ကောင်စီတပ်မှ မီးရှို့ထားကြောင်း ဒေသခံများကပြောသည်။
လက်ရှိ ယနေ့ သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းကလည်း ကနီမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး၀င်ရောက်နေကြောင်း ဒေသခံများထံကသိရသည်။