စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ် အစပ်ရှိ ဆင်တဲကျေးရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးနေပြီး ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းနေကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ယနေ့ အောက်တိုဘာလ ၁၆ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဆင်တဲကျေးရွာကို မီးရှို့ဖျက်ဆီးပြီး အနီးအနားရှိ ကျေးရွာများကို စစ်ကြောင်းထိုး စီးနင်းလျက်ရှိကြောင်း၊ လက်ရှိချိန်တွင် အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး စီးနင်းမှုကြောင့် ကျေးရွာပေါင်း ၅၀ ကျော်မှ သောင်းနှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။
“စစ်ကြောင်းကတော့ ပုလဲကနေစပြီး စစ်ကြောင်းထိုးလာတယ်။ အဲဒါကနေ မနေ့က ရနောင်ရွာကို ဝင်တယ်။ ရနောင်ရွာကနေ ဒီနေ့ ဆင်တဲရွာကို ထပ်ပြီးစစ်ကြောင်းထိုးပြီး ရွာကိုမီးရှို့နေတာ ရနောင်ရွာထဲမှာလည်း စစ်ကောင်စီက ခေါင်းဖြတ်သတ်သွားတဲ့ အလောင်းတစ်လောင်းလည်းတွေ့ထားရတယ်။ ဘယ်သူဘယ်ဝါတော့ မသိရသေးဘူး။နောက်ပြီး ရနောင်ရွာသား ၄ ဦးကိုလည်း ဖမ်းပြီး ဆင်တဲရွာဘက်ခေါ်သွားတယ်။ ဆင်တဲရွာမီးရှို့တာကတော့ စစ်ကောင်စီတပ်ကရွာထဲကမထွက်သေးလို့ပျက်စီးဆုံးရှုံးတဲ့ စာရင်းအတိကျတော့ မသိရသေးဘူး” ဟု ယင်းမာပင်ဒေသရှိ ပြည်သူတစ်ဦးက ပြောကြားသည်။
အကြမ်းဖက် စစ်တပ်က ကျေးရွာများထဲ ဝင်ရောက် မီးရှို့ဖျက်ဆီးကာ ပြည်သူများကို သတ်ဖြတ် နေသည့်အတွက် ဒေသ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား လာနိုင်ပြီး စစ်ရေးအခြေအနေ တင်းမာနေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။